စစ်တွေ မတ် ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင်ယာယီနေထိုင်လျက်ရှိသော ဘင်္ဂါလီလူမျိုးအိမ်ထောင်စုဝင် မိသားစုများအား ပြန်လည်နေရာချထားရန်အတွက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(စစ်တွေ) လုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျောက်တစ်လုံး IDP စခန်း တန်ဖိုးနည်း အိမ်ရာတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်သူရ၊ ကျောက်ဖြူ ခရိုင်အုပ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောက်တစ်လုံး IDP စခန်း တန်ဖိုး နည်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းတွင် ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တန်းဖိုးနည်းအိမ်ရာ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားကြသည်။
ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် ဘင်္ဂါလီလူမျိုးအိမ်ထောင်စုဝင် မိသားစု များအား ပြန်လည်နေရာချထားရန်အတွက် မြေနေရာချထားမှု၊ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ခြင်း၊ ကျောက်တစ်လုံးဆေးပေးခန်း ဆောက်လုပ်ခြင်း၊ သောက်သုံးရေကန်တူးဖော်ခြင်း၊ မြေဖို့ခြင်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ဈေး၊ စာသင်ကျောင်းနှင့် တန်ဖိုးနည်းအိမ်ရာအနီးတွင် ငါးမွေးမြူရေးကန်အဖြစ် အသုံးပြုနိုင်မည့် မြေဧရိယာများ လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment