ဘားအံ မတ် ၆
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဒုံသမိမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများစေရေးနှင့် ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ဘားအံမြို့နယ်၊ ရေကျော်လေးကျေးရွာ၌ ကျင်းပသည့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဒေသခံတောင်သူများနှင့်အတူ ငါးခုံးမကြီးကောင်ရေ တစ်သိန်းခွဲကို ဒုံသမိမြစ်အတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်လေးကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကိုလုပ်ကိုင်၍ မိသားစုဝင်ငွေတိုးလာစေရေးနှင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရေးအတွက် မြစိမ်းရောင် အရင်းမပျောက် မတည်ရန်ပုံငွေကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ရရှိလာသည့် အတိုးနှုန်းကို နိုင်ငံတော်မှပြန်မယူဘဲ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိရှိ ပြန်လည်အသုံးပြု ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဝင်းဇော် က ရေကျော်လေး ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက မြစိမ်းရောင်စီမံကိန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များအား ပြက္ခဒိန်များ လက်ဆောင်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်လေးသီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရေကျော်လေးကျေးရွာ အနာဂတ်ပျိုးခင်းမူလတန်းကြိုကျောင်းမှ မူကြိုရင်သွေးငယ်များနှင့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်အရိယာဘာသာဘုရားရှိခိုးကျောင်း၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် ကရင်ဖလုံဝဲရှာကြက်ယက်စာပေဆရာဖြစ် သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦး က ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ ပြည်နယ်နေ့များ၊ နှစ်သစ်ကူးပွဲတော်များ၊ အမျိုးသားနေ့အထိမ်းအမှတ် ပွဲတော်များကို စည်ကားသိုက်မြိုက်စွာကျင်းပခွင့်ပြုခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ထောက်ပံ့မှုများကို အားတက်သရောထောက်ပံ့ပေးခဲ့ကြောင်း၊ ကရင်စာပေများကို တန်းစဉ်အလိုက် ပုံနှိပ်ထုတ်ဝေ၍ ကရင်စာပေသင်ကြားသည့်ကျောင်းများတွင် သင်ကြားပေးနေပြီ ဖြစ်ကြောင်း၊ ကရင်စာပေများ တိမ်ကောပပျောက်မှုမရှိစေရေးအတွက် ပညာရေးဥပဒေနှင့်အညီ သင်ယူသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်နှင့် မတိမ်ကော မပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် အရိယာဘာသာဂိုဏ်းချုပ် ဆရာတော် ဖိုးအဲမွီက သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး က (၂၃)ကြိမ်မြောက် ကရင်ဖလုံဝဲရှာကြက်ယက် စာပေဆရာဖြစ်သင်တန်းဆင်းပွဲအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြက္ခဒိန်လက်ဆောင်များကို ပေးအပ်ရာ သင်တန်းဆင်း ဆရာ၊ဆရာမများ လက်ခံရယူခဲ့ကြပြီး ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က သင်တန်းထူချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ထူးချွန်သင်တန်း သား/သူ ၁၂ ဦးကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားကပ်လျှပ်စစ်မြစ်ရေတင် အကျိုးပြုဧရိယာအတွင်း မြေပဲနှင့်နေကြာ ဆီထွက်သီးနှံ သီးထပ်သီးညှပ်စိုက်ခင်းကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ရေအရင်းအမြစ်(မြစ်ရေတင်)ပြည်နယ်ဦးစီးမှူးတို့က ဆီထွက်သီးနှံဧကတိုးမြှင့်စိုက်ပျိုးနိုင်ရေး စီမံဆောင် ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ဘားအံမြို့ပေါ်ရှိ ဆိုင်ကယ် TAXI (ကယ်ရီ) ဂိတ်များတွင် ခရီးသွားဝန်ဆောင်မှုပေးနေသူများအား ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံ၍ ဆိုင်ကယ်အငှါးယာဉ်ဝတ်စုံများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဘားအံမြို့ကို သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေးအတွက် ဆိုင်ကယ်အငှါးယာဉ်ဂိတ်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်ဂိတ်လျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် အဆင့်မြှင့်တင်ပေးခဲ့ပြီး ပထမအကြိမ်အနေဖြင့် ဆိုင်ကယ်အငှားယာဉ်ဂိတ် ၉ ဂိတ်မှ ဝန်ဆောင်မှုပေးသူ ၂၄၀ ဦးခန့်အား အငှားယာဉ်ဝတ်စုံများ ထောက်ပံ့ပေးခဲ့ပြီး ယနေ့ ဒုတိယအကြိမ်အနေဖြင့် အငှားယာဉ်ဂိတ် ၁၅ ဂိတ်မှ ဝန်ဆောင်မှုပေးသူ ၃၅၀ ဦးခန့်အား အငှားယာဉ် ဝတ်စုံများ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment