စစ်တွေ မတ် ၆
လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀၂၀) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်း က ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၊ ပညာတန်ဆောင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း က ဒေသခံပညာတတ် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး ဒေသအတွင်း လိုအပ်ချက်ရှိသော အခြေခံပညာကျောင်းများအတွက် သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမများဖြည့်ဆည်း ခန့်ထား နိုင်ရန်၊ အခြေခံပညာကျောင်းများတွင် လိုအပ်သော ဆရာ၊ ဆရာမအရေအတွက် ပြည့်မှီအောင် ဖြည့်ဆည်းပေးရန်၊ ဘာသာရပ်သင်ကြားရေးပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်တတ်မြောက်ပြီး အရေအသွေးပြည့်ဝသော ဆရာ၊ ဆရာမများ ပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင် သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများသည် လူ့လောကအတွက် အရေးကြီးလှသော ပညာရပ်များကို စည်ပင်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးရမည့် တိုင်းပြည်အတွက် မရှိမဖြစ်အရေးပါ အရာရောက်သည့် အခန်းကဏ္ဍကပါဝင်နေသူများ ဖြစ်သည်ကို သဘောပေါက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုကာ အားကိုးရသော ဆရာ၊ ဆရာမကောင်းများဖြစ်အောင် အစဉ်ကြိုးစားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ ယခုတက်ရောက်ခဲ့သော သင်တန်းတွင် မူလတန်းဆရာတစ်ဦးအတွက် အခြေခံလိုအပ်သော ဆရာအတတ်ပညာ အရေအသွေးများကို ပညာရေးဒီဂရီကောလိပ်မှာ သင်ယူလေ့လာဆည်းပူးပြီး ဖြစ်ပါကြောင်း၊ ထိုအတတ်ပညာများဖြင့် မိမိတို့တာဝန်ကျရာ အခြေခံ ပညာကျောင်းများတွင် လက်တွေ့အသုံးချရမည်ဖြစ်ကြောင်း၊ ဆရာ/ဆရာမတစ်ဦးဖြစ်လာသည့်အခါ ဆရာ့ဂုဏ်သိက္ခာနှင့်အညီ ကောင်းသော၊ တော်သော ဆရာတစ်ဦးဖြစ်အောင် ကျင့်ကြံအားထုတ်ကြရ မည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းခွင့်ရောက်ရှိသောအခါ ပညာရေးဒီဂရီကောလိပ်က သင်ယူလေ့လာ ဆည်းပူးမှုများကို ကျွမ်းကျင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပြီး ဆရာ့ကျင့်ဝတ်၊ ဆရာ့သိက္ခာ နှင့် ပြည့်မှီသော ဆရာကောင်းများအဖြစ် ရပ်တည်နိုင်အောင်ကြိုးစားကြရန်ပြောကြားသည်။ ဆက်လက်၍ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ် အပ်နှင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၇/၂၀၂၀)သင်တန်း ပြီးမြောက်သူများအား သင်တန်းဆင်းလက်မှတ်များ အပ်နှင်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သင်တန်းဆင်းပွဲ အထိမ်းအမှတ် ထောက်ပံ့ငွေ ၁၀ သိန်းကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ကျောက်ဖြူပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၀)သို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ (၄၂၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောက်ဖြူမြို့နယ် အဝပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် မီးလောင်ဆုံးရှုံးခဲ့သော ဝန်ထမ်းဆောင်အား ပြန်လည်ဆောက်လုပ်ရန် အတွက် ထောက်ပံ့ငွေ ၅၄ သိန်း၊ မီးလောင်မှုကြောင့်နေအိမ် ဆုံးရှုံးခဲ့ရသော ဆရာ၊ ဆရာမ ၁၄ ဦးတို့ အတွက် တစ်ဦးလျင် (၂) သိန်းကျပ်ဖြင့် ၂၈ သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ ကျောက်ဖြူမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက လက်ခံရယူကြသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment