Sunday, March 6, 2022

ချက်ပြုတ်စားသုံးမှုပုံစံ ပြောင်းလဲရေး



ဆီသည် လူတို့အတွက် အင်အားဖြစ်စေသော အစာအုပ်စုထဲတွင် ပါဝင်သည်။ သို့ရာတွင် လိုသည်ထက်ပို၍ စားသုံးလျှင်မူ အင်အားဖြစ်သည်ထက် ရောဂါထူပြောလာနိုင်သည်။ ထို့အပြင် စားသုံးရန်မသင့်သည့် ဆီအမျိုးမျိုးတို့ကို နည်းမျိုးစုံဖြင့် ပြုပြင်ဖန်တီး၍ စီးပွားရေး လောဘသမား မသမာသူတို့က ဈေးကွက်တွင် ရောင်းချနေသော ဆီအတုများကို စားသုံးမိပြန်လျှင်လည်း ပို၍ပင် အကျိုးနည်းကြလိမ့်ဦးမည် ဖြစ်သည်။ ဆီအတုများက ဆီအစစ်များထက်ပင် ပို၍အရောင်လှ၊ ပို၍အနံ့မွှေးပြီး ရောင်းချရာတွင် ပို၍မျက်နှာပန်း လှသည်ဟုဆိုကြရာ စိုးရိမ်ထိတ်လန့်ဖွယ်ရာဟုပင် ဆိုရမည်။

သို့ရာတွင် ဆီကိုလိုသည်ထက်ပို၍ စားသုံးခြင်းသည် လည်းကောင်း၊ အရည်အသွေး ညံ့ဖျင်းသည့်ဆီ၊ စားသုံးရန် မသင့်သည့်ဆီ၊ ဆီအတုတို့ကို စားသုံးမိခြင်းသည် လည်းကောင်း ကျန်းမာရေး ပြဿနာများ ချက်ချင်းလက်ငင်းထ၍ မဖြစ်နိုင်ခြင်းကြောင့် သူသူ ငါငါ မရှောင်သာဘဲ ဆက်၍ စားသုံးမိနေကြဦးမည် ဖြစ်သည်။ ပြည်သူများ ဆီစားသုံးမှု လျှော့ချရေး၊ ကျန်းမာရေးအတွက် ကောင်းမွန်သည့် အရည်အသွေးအာမခံသော ပြည်တွင်းမှ ထုတ်လုပ်သည့် ဆီအစစ်အမှန်များကို သင့်တင့်လျောက်ပတ်စွာ စားသုံးရေးအတွက် နိုင်ငံတော်အစိုးရက မီဒီယာများမှတစ်ဆင့် အသိပညာပေး တိုက်တွန်းမှုများ ပြုလုပ်လျက်ရှိရာတွင် ပြည်သူများ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန်၊ ပြည်တွင်းစားသုံး ဆီထုတ်လုပ်မှုကို အားပေးခြင်းဖြင့် စိုက်ပျိုးမှုမှသည် ထုတ်လုပ်ရောင်းချမှု လုပ်ငန်းစဉ်တစ်လျှောက် ပါဝင်လုပ်ကိုင်နေကြသည့် ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းရန်၊ နိုင်ငံခြားငွေ ယိုပေါက်တစ်ခုကို အတိုင်းအတာတစ်ရပ်အထိ လျှော့ချနိုင်ရန်ဟူသည့် အကျိုးရလဒ်ကောင်းများ ရရှိစေရန် ရည်ရွယ်ရင်းဖြစ်သည်။ 

ကျန်းမာရေးအတွက် ဆီလျှော့စားရန် တိုက်တွန်းဖို့ လွယ်ကူသော်လည်း လိုက်ပါဆောင်ရွက်နိုင်ရန် ခဲယဉ်းသည်ဟု ဆိုနိုင်သည်။ အကြောင်းရင်းမှာ မိမိတို့ တစ်သက်လုံး ချက်ပြုတ်စားသောက်လာခဲ့သည့် ပုံစံကိုပြောင်းလဲရန် ခက်ခဲခြင်းကြောင့်ပင် ဖြစ်သည်။ သို့ရာတွင် မွန်၊ ရခိုင်၊ ကချင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံခြားစားသောက်ဆိုင်များတွင် ရောင်းချသည့် ဆီမပါ၊ ဆီနည်းအစားအစာ ဟင်းလျာများကို မြန်မာများ မြိန်ယှက်စွာ စားသုံးနေကြသည်ကို ကြည့်ခြင်းအားဖြင့် ဆီမပါ၊ ဆီးနည်းသော်လည်း အရသာရှိပါက အကြိုက်တွေ့ကြသည်သာ ဖြစ်သည်ဟူ၍ ကောက်ချက်ချနိုင်သည်။ သို့ဖြစ်သည့်အလျောက် မိမိနိုင်ငံပြည်တွင်းရှိ ဒေသအသီးသီးမှ ထွက်ရှိသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သီးနှံတို့ကို ဆီမပါ၊ ဆီနည်းနည်းဖြင့် ကြော်လှော်ချက်ပြုတ်သည့် နည်းလမ်းများကို မီဒီယာများမှတစ်ဆင့် သင်ကြားပေးခြင်း၊ အရသာနှင့်တကွ အာဟာရ တန်ဖိုးများ၊ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေသည့် အချက်များကို အသိပညာပေးခြင်းတို့ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါဆောင်ရွက်လာစေရန် စားသောက်မှုနှင့် ချက်ပြုတ်မှုပုံစံများ ပြောင်းလဲလက်ခံ ကျင့်သုံးလာစေရန် မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဆင်သင့် ဝယ်ယူစားသောက်နိုင်သည့် ခေတ်မီသီးသန့်ဆိုင်များကို စွန့်ဦးတီထွင် ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ကိုင်လာစေရန် အားပေးသွားဖို့ လိုအပ်မည်ဖြစ်သည်။ 

မြန်မာပြည်သူတို့ အဓိကဝယ်ယူအားထား စားသုံးနေကြသည့် စားအုန်းဆီကို နိုင်ငံခြားမှ နှစ်စဉ်တန်ချိန် ကိုးသိန်းကျော် ဝယ်ယူတင်သွင်းနေခဲ့ရာ ဈေးသက်သာခြင်းဟူသော အခြေခံအကြောင်း တရားကြောင့် ဖြစ်သည်။ စားအုန်းဆီသည် ကျန်းမာရေးအတွက် ဆင်ခြင်စားသုံးရမည့် လိုအပ်ချက်ရှိနေသည့်အပြင် ပြည်ပမှ ဈေးနှုန်းများကလည်း အဆမတန် မြင့်တက်လျက်ရှိသည်။ အခက်အခဲ၊ အကျပ်အတည်းနှင့်အတူ အခွင့်အလမ်းလည်း ရှိစမြဲဖြစ်ရာ ပြည်တွင်းဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ပြည်တွင်းဆီစားသုံးမှု များပြားနေသည်ကို လျှော့ချခြင်း၊ ချက်ပြုတ်စားသောက်မှုပုံစံများ ပြောင်းလဲခြင်းဖြင့် နိုင်ငံရော ပြည်သူပါ အကျိုးဖြစ်ထွန်းကြပါစေကြောင်း။

No comments:

Post a Comment