Sunday, March 6, 2022

အဘက်ဘက်တွင်ဖြိုးခြံချွေတာ နိုင်ငံ့စီးပွားဦးမော့ရေးကြိုးပမ်း



မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကြောင့် လည်းကောင်း၊ အင်အားကြီးနိုင်ငံများ အားပြိုင်မှုကြောင့် လည်းကောင်း ကမ္ဘာပေါ်ရှိနိုင်ငံများ နိုင်ငံရေး၊ စီးပွားရေး ဂယက်ရိုက်ခတ်မှုများနှင့် ကြုံတွေ့နေရသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုမှာ စီးပွားရေး ကျဆင်းလာပြီး ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးနှင့် ငွေကြေးဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ကုန်စည်ဈေးနှုန်းများ တက်လာမှုများနှင့် ကြုံတွေ့လျက်ရှိသည်။ 

အဆိုပါ ဂယက်ရိုက်ခတ်မှုကို မြန်မာနိုင်ငံအနေဖြင့်လည်း ကြုံတွေ့လျက်ရှိရာ နိုင်ငံတော်အစိုးရက အဘက်ဘက်တွင် ခြိုးခြံချွေတာရေးနှင့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးတို့ကို အလျင်အမြန် ကြိုးပမ်းဆောင်ရွက်နေသည်။ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန်နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးနိုင်ရန်အတွက် အခွန်ဆိုင်ရာဖြေမှုများနှင့် ငွေကြေးထောက်ပံ့မှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အတွက် အရေးကြီးသော လုပ်ငန်းများကို ဦးစားပေး ဆက်လက်ဆောင်ရွက်ပြီး ပုံမှန်လုပ်ငန်းများကို ခြိုးခြံချွေတာရေးမူဖြင့် ဆောင်ရွက်လျက်ရှိသည်။ 

“၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အားပေးဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ သာမန်အသုံးစရိတ်များဖြစ်သည့် ဝန်ထမ်းလစာစရိတ်များ၊ စက်သုံးဆီစရိတ်များ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ စသည်တို့ကို ခြိုးခြံချွေတာပြီး GDP တိုးတက်စေမည့် ကုန်ထုတ်လုပ်မှု အကျိုးပြု အသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲသင့်သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပေါ်နေမှုနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေတို့ကြောင့် နိုင်ငံအများ စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ လာမည့်နှစ်ဝက်ကာလတွင် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပိုမိုကြုံတွေ့လာနိုင်ဖွယ် ရာရှိသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာ့စီးပွားရေး ဂယက်ရိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတွင် အဘက်ဘက်၌ စိန်ခေါ်မှုများနှင့် ကြုံတွေ့လျက်ရှိရာ ယင်းတို့ကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်က လက်တွေ့ဆောင်ရွက်နေသော ခြိုးခြံချွေတာရေးမူဝါဒများနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး စီမံကိန်းများကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ 

နိုင်ငံတော်အစိုးရက အရေးကြီးသော လုပ်ငန်းများမှအပ အခြားအုပ်ချုပ်စီမံ ဆောင်ရွက်နေသော လုပ်ငန်းများတွင် အဘက်ဘက်၌ ခြိုးခြံချွေတာ ဆောင်ရွက်နေသောအချိန်တွင် နိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း မိမိတို့ လူမှုစီးပွားဘဝများကို အလေးထား၍ ခြိုးခြံချွေတာ နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။ စက်သုံးဆီ ခြိုးခြံချွေတာရေး၊ လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာရေး၊ သုံးရေ ခြိုးခြံချွေတာရေး စသည်ဖြင့် တတ်နိုင်သမျှ ချွေတာကြရန် လိုအပ်ပါသည်။ အထူးသဖြင့် မဖြစ်မနေသုံးစွဲရမည့် ပြည်ပသွင်း ကုန်ပစ္စည်းများမှအပ သာမန်သုံးစွဲရမည့် ကုန်ပစ္စည်းများ၊ အပိုဆောင်းထပ်ဆောင်း အသုံးပြုမည့် ပြည်ပသွင်းကုန်ပစ္စည်းများကို လျှော့ချသုံးစွဲကြရန် လိုအပ်သည်။ အထူးသဖြင့် စက်သုံးဆီ၊ စားသုံးဆီတို့ကို ပြည်ပမှ ပုံမှန်တင်သွင်းနေရသဖြင့် ၎င်းတို့ကို အစားထိုးသုံးစွဲနိုင်ရေး၊ လျှော့ချသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ 

ယနေ့အချိန်အခါတွင် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများ၊ အခက်အခဲ အကျပ်အတည်းများသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း ဖြစ်နေခြင်းမဟုတ်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ဖြစ်ပေါ်နေသော အရေးဖြစ်၍ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မိမိတို့ကိုယ်တိုင် ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အားလုံးအနေဖြင့် အသိတရားရှိရှိ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ယနေ့အချိန်အခါတွင် ပြည်သူများ ကျန်းမာရေးနှင့် စားရေရိက္ခာ ဖူလုံရေးသည် အရေးအကြီးဆုံးဖြစ်၍ ကျန်းမာရေးဆိုင်ရာတို့ကို အလေးထား ဆောင်ရွက်ပြီး ကုန်ထုတ်စွမ်းအားနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာအောင် ကြံစည်ဆောင်ရွက်ကြရမည် ဖြစ်သည်။ 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အဘက်ဘက်၌ လက်တွေ့အကောင်အထည်ပေါ်အောင် ဆောင်ရွက်နေသောအချိန်တွင် နိုင်ငံသူ နိုင်ငံသားအားလုံးကလည်း အဘက်ဘက်တွင် ခြိုးခြံချွေတာ၍ လူမှုစီးပွား၊ နိုင်ငံ့စီးပွား မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment