ဘားအံ မတ် ၆
ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်နယ်တစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလယ်ယာသို့ကူးပြောင်းနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနနှင့် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာပြင်ဆင်ထိန်းသိမ်းမှုအခြေခံသင်တန်း အပတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က လယ်ယာသုံးစက်ကိရိယာများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းတတ်ရန်မှာ အလွန်အရေးကြီးပါကြောင်း၊ သင်တန်းမှ စာတွေ့လက်တွေ့ သင်ကြားပေးလိုက်သည့်အတွက် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျကိုင်တွယ်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ၊ တစ်ဦးချင်းဝင်ငွေများ ပိုမိုမြင့်မားလာမည်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် နည်းပညာများပိုမိုတတ်ကျွမ်းစွာဖြင့် လျင်မြန်စွာ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်လာနိုင်ဖြစ်ကြောင်း၊ သင်တန်းဆင်းသင်တန်းသားများအနေဖြင့် မိမိတတ်ကျွမ်းထားသည့် ပညာရပ်များဖြင့် လယ်ယာစီးပွားလုပ်ငန်းများကို လုပ်ကိုင်ပြီး မိမိရပ်ရွာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု အခြေခံသင်တန်း အောင်လက်မှတ်များပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူပြီး သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ဘားကပ်ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၏ တည်ဆောက်ရေး လုပ်ငန်းခွင်များအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ကွန်ပျူတာတက္ကသိုလ်အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ဆကြီး ဒေါက်တာခင်မာလာထွန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် (၃၈၀၇ပေ x ၆ ပေ) အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်း၊ ပင်မ(၃)ထပ်ဆောင်(၂၅၉၅၅၃ပေ) ဆေးသုတ်ခြင်းလုပ်ငန်း၊ (၁၃၀၀ပေ x ၁၄ပေ x ၈ လက်မ)ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကျောင်းသား/သူ ၁၆၀ ဦးဆံ့ RC ၃ ထပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်း၊ ဓါတ်အားလိုင်းနှင့်ကွန်ကရစ်တိုင်များ အစားထိုး တည်ဆောက်ခြင်းလုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၏ ပင်မ(၃)ထပ်ဆောင် (၂၅၉၅၅၃ပေ) ဆေးသုတ်ခြင်းလုပ်ငန်းနှင့် ၃ပေအကျယ် ၆လက်မထု အမာခံလမ်းပခုံး အပါအဝင် (၁၃၀၀ပေ x ၁၄ပေ x ၈ လက်မ) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းလုပ်ငန်းတို့အား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် Myanmar Land and Development Co.,Ltd မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကျောင်းသား/သူ ၁၆၀ ဦးဆံ့ RC ၃ ထပ်ဆောင် (၁၉၄ပေ x ၁၃၇ပေ)၊ ထမင်းစာဆောင်၊ ရေမီးအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment