မန္တလေး မတ် ၅
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မတ် ၄ ရက်တွင် သင်တန်းဆင်းခဲ့သော မိတ္ထီလာပညာရေး ဒီဂရီကောလိပ် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၀) သစ်လွင် ဆရာ ဆရာမများအား လုပ်ငန်းခွင်မဝင်မီ မန္တလေးမြို့သို့ လာရောက်လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
အဆိုပါအဖွဲ့သည် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်မှ မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိရာ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့က ကြိုဆိုနှုတ်ဆက်ကြပြီး သင်တန်းဆင်း လေ့လာရေးအဖွဲ့များသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပြခန်းများကို လေ့လာကြသည်။
ဆက်လက်၍ သစ်လွင် ဆရာ ဆရာမများသည် မန္တလေးမြို့တော် စည်ပင်သာယာရေးရုံး မြို့တော်ခန်းမသို့ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြိုဆိုနှုတ်ဆက်ကြပြီး တွေ့ဆုံပွဲပြုလုပ်သည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သင်တန်းဆင်း ဆရာ ဆရာမများက တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သစ်လွင် ဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၆၄ သိန်းကို ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ဆရာ ဆရာမများသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရတနာပုံ အပန်းဖြေဥယျာဉ် စီမံကိန်း၊ နန်းမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာလောက မာရဇိန်စေတီ၊ ကုသိုလ်တော် မြတ်စွာဘုရားနှင့် အမရပူရမြို့နယ် တောင်သမန်အင်းရှိ ရှေးဟောင်းသမိုင်းဝင် ဦးပိန် တံတားတို့ကို သွားရောက်လေ့လာ ကြည့်ရှုပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment