ပဲခူး မတ် ၅
ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်နှစ်က စားသုံးဆီဖူလုံမှု ၉၃ ရာခိုင်နှုန်းမှ ယခုနှစ်တွင် နေကြာသီးညှပ် စိုက်ပျိုးနိုင်ရေး ဆီထွက်နေကြာမျိုးများ အခမဲ့ဖြန့်ဝေစိုက်ပျိုးစေခဲ့ရာ ဒေသတွင်းစားသုံးဆီဖူလုံမှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထပ်မံ၍ ဒေသထွက်စားသုံးဆီများ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်ရေး လာမည့်နှစ်တွင် နေကြာဧက ၈၅၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ် ၄ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံပိုလျှံမှုရှိစေရန် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်အလိုက် အမှန်တကယ် နေကြာစိုက်ပျိုး ဖြစ်ထွန်းစေမည့် စိုက်ပျိုးမြေများရှာဖွေ၍ တစ်ကွင်းတစ်ဆက်တည်း ဧကများစွာ တို့ချဲ့စိုက်ပျိုးရန် လိုအပ်ပြီး အသိပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းနှင့် ရေရရှိရေး ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မျိုးစုဆောင်း ဝယ်ယူရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းတိုးတက်သည့် နေကြာမျိုးများ ကြိုတင်ဝယ်ယူနိုင်ရေး စီမံဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များက စိုက်ပျိုးထွက်ရှိလာသည့် နေကြာများ ဈေးကွက်ခိုင်မာမှုရှိစေရေးနှင့် ဆီစက်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် အခြေအနေများ၊ သွင်းအားစုနှင့် နေကြာမျိုး လိုအပ်ချက် ကြိုတင်စုဆောင်းထားရန်၊ စိုက်ပျိုးရေရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ စက်ယန္တရားများ ထောက်ပံ့ပေးမည့် အခြေအနေများနှင့် ခရိုင်အလိုက် နေကြာစိုက်ပျိုးသွားမည့် မြေနေရာ စာရင်းပြုစုထားရှိမှု၊ အသိပညာပေး လုပ်ငန်းများနှင့် ကြိုတင်ကွင်းဆင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment