Sunday, March 6, 2022

စာတတ်သူတို့ စာဖတ်ဖို့

 

ရန်ကုန်ဌေးဇော်

မြန်မာနိုင်ငံသည် စာတတ်မြောက်မှုမြင့်မားသည့် နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းအရ မြို့ပြနေစာတတ်မြောက်မှုနှုန်းမှာ ၉၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်များတွင် ၈၇ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ သက်ကြီးစာတတ်မြောက် မှုနှုန်းမှာလည်း အားရဖွယ်ဖြစ်သည်။ ကျောင်းနေ အရွယ် ကလေးသူငယ်နှင့် လူငယ်အားလုံးပညာ သင်ယူခွင့်ရှိသည်။ မသန်စွမ်းသူ နိုင်ငံသားများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရရှိသူများကိုပင် ပညာသင်ယူခွင့်ရရှိ စေရန် ဥပဒေအရ

အခွင့်အရေးပေးထားသည်။ ထို့ကြောင့် စာတတ်လာသူ ကလေးသူငယ်၊ အရွယ်ရောက်သူ တိုင်း စာသင်၍ စာတတ်လာကြသည်။ စာတတ်ခြင်းမှ စာဖတ်သည့်အလေ့အထများ ဆက်လက်ရှင်သန်စေရန် အားပေးသင့် သည်။ စာဖတ်ခြင်း အလေ့အထ တိုးတက်လာသည်နှင့်အမျှ စဉ်းစားတွေးခေါ်မှု မှန်ကန်ပြီး ဆန်းစစ်ဝေဖန် ပိုင်းခြားနိုင်စွမ်း (Critical and Analytical Skill) ကို ရရှိစေနိုင်သည်။ ထိုမှတစ်ဖန် စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးနိုင်စွမ်း (Creative and Inventive Skill) ကိုလည်း ရရှိစေနိုင်မည် ဖြစ်သည်။ စာဖတ်ခြင်း သည် လူတစ်ဦးတစ်ယောက်အတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း များစွာအ ထောက်အပံ့ရရှိနိုင် သည်။

စာမဖတ်ကြသည့် အကြောင်းရင်းကို စူးစမ်း လေ့လာရာတွင် ရရှိသည့်အဖြေသည် ပြည့်စုံမှုမရှိ သည်ကို လေ့လာသည်။ “struggle ကြောင့်၊ "အလုပ်မအားလို့ပါ၊ “အချိန်မပေးနိုင်သေးပါဘူး၊ "စာအုပ်ဈေး ကကြီး တယ် မကပ်နိုင်သေးလို့"၊ "ကျန်းမာရေးက မကောင်းတာနဲ့ ”၊ “ စာဖတ်ဝါသနာ ကပါတာ မဟုတ် ဘူးလေ စသည့်မရိုးနိုင်သော ညည်းချင်းများကို နားထောင်လိုက်ရသည်ချည်း ဖြစ်သည်။ စာတတ်သော်လည်း စာဖတ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးကို မခံစားတတ်ခြင်း၊ ဖြစ်သည်။ စာပေကိုမွေ့လျော်ခြင်းဖြင့် စာပေက ပေးအပ်လာမည့် ပျော်ရွှင်နှစ်လိုဖွယ်များကို မခံစား ဖူး၍ဖြစ်သည်။ စင်စစ်စာဖတ်ခြင်း သည်လျှောက် လှမ်းနေသည့် ဘဝ၏ခြေလှမ်းများပင် ဖြစ်သည်။

လူ့စွမ်းအားသည် အရေးကြီးဆုံးဖြစ်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် ရုပ်ဝတ္ထု အရင်းအမြစ်၊ ဓနငွေကြေးအရင်းအမြစ်နှင့် လူသား အရင်းအမြစ် တို့သည် အရေးပါစမြဲဖြစ်သည်။ ဖွံ့ဖြိုး တိုးတက်သောနိုင်ငံအဖြစ် တည်ဆောက်ကြရာတွင် လူ့စွမ်းအား (Human Capital)၊ လျှပ်စစ် စွမ်းအင်၊ ရေရရှိမှု၊ လမ်းတံတား စသည့်စီးပွားရေး အခြေခံအဆောက်အအုံ ထူထောင်နိုင်မှုစွမ်းအား (physical Capital) နှင့် လူမှုရေးစွမ်းအား(Social Capital) တို့ ဖြစ်သည်။ ထိုစွမ်းအားတို့တွင် အသိဉာဏ်ရှင်သန်ဖွံ့ဖြိုးသော လူမှုအသိုက်အဝန်း တစ်ရပ် တည်ဆောက်ရန် လူ့စွမ်းအား သည် အရေးကြီးဆုံးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည်မှာ အဆိုပါ နိုင်ငံရှိ နိုင်ငံသားများကို အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲလိုက်ခြင်းသာဖြစ်သည်။ နိုင်ငံ သားတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု တို့ကို နဂိုရှိနေရာမှ မြှင့်တင်ခြင်းဖြစ်သည်။ အရည် အချင်းမြင့်မားလာ မှုကြောင့် နဂိုမူလလုပ်ဆောင်နေ မှုထက် ပိုမိုမြင့်မားသော လုပ်ဆောင်မှုကို လုပ်ဆောင်နိုင်လာကြသည်။ ဥပမာအားဖြင့် ရေကို ဆည်ရေ၊ သောက်ရေ၊ သုံးရေအဖြစ် ပြောင်းလဲလိုက် နိုင်ခြင်း၊ ရေဆိုးရေညစ်ကိုဖင် အသုံးပြန်ဝင်လာရန် အသုံးပြုနိုင်ခြင်းမျိုးဖြစ်သည်။ ထိုသို့ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လူတိုင်းလူတိုင်း စာတတ်ကြဖို့လိုသည်။ စာတတ်သည်နှင့် စာကိုဆက်လက် ဖတ်ကြရန်လည်း တိုက်တွန်းရမည်ဖြစ်သည်။ စာဖတ်မှသာလျှင် နည်းပညာနှင့် အတတ်ပညာကျွမ်းကျင်မှုကို ဆက်လက် ဆည်းပူးရာရောက်သည်။ ဆက်လက် ဆည်းပူးခြင်းဖြင့် လူသားအရင်းအမြစ်သည်။ ပေါကြွယ်ဝ လာမည်ဖြစ်သည်။ လူသားအရင်းအမြစ် ပေါကြွယ်ဝလာခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးကို ရှေးရှု သည်။ ထို့ကြောင့် စာတတ်သည့်လူတိုင်း စာဖတ်ကြ ဖို့ လိုပါသည်။

ဘာကြောင့် စာဖတ်ရမှာလဲ

မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်နှင့် မိမိ၏ ဝမ်းစာလုံလောက်နေစေရန် ဖြည့်တင်းသည့် အနေဖြင့် စာဖတ်သင့်သည်။ စာဖတ်ရာ၌ သတင်း အချက်အလက်သိရှိရန် (Reading for Information) အသိအမြင် နိုးကြားပွင့်လင်းရန် ( Reading for Understanding) နှင့် အပျော်ဖတ်ရန် ( Reading for Entertainment) ဟူသော စိတ်ထားတို့ဖြင့် စာဖတ်ကြခြင်းကများသည်။ အသိအမြင်နိုးကြား ပွင့်လင်းရာ၌ ပတ်ဝန်းကျင်ဗဟိဒ္ဓလောကကြီးနှင့် သက်ဆိုင်သည့် ဗဟုသုတအသိအမြင်၊ မိမိ၏အတ္တ နှင့်ဆိုင်သည့် ဘဝအသိအမြင်၊ မိမိ၏အဇ္ဈတ္တနှင့် ဗဟိဒ္ဓနှစ်ပါး မှ လွန်မြောက်နိုင်သည့် လောကုတ္တရာ  အသိအမြင်တို့ကိုလည်း စာဖတ်ခြင်းမှရရှိမည် ဖြစ်သည်။ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးကို ပေးစွမ်းနိုင်သောကြောင့် စာဖတ် သင့်သည်ဟု ဆိုဝံ့ခြင်းဖြစ်သည်။

 ဘာတွေရမှာလဲ

စာပေဗဟုသုတ ကြွယ်ဝခြင်းသည် လူ့ဘဝ၏ အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို သိမြင် နိုင်သည်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည်။ ဘဝတစ်လျှောက်လုံး ကောင်းစွာပြုမူကျင့်ကြံနေထိုင် ရေးကိုစာပေကပေးသည်။ စာမှရယူနိုင်သည်။ စာဖတ်ခြင်းသည် ကိုယ်နှုတ်နှလုံးကို လိမ္မာယဉ်ကျေး စေရန် သင်ကြားနာယူခြင်းဖြစ်သည်။ ကိုယ်နှုတ်နှလုံး လိမ္မာယဉ်ကျေးလာစေသည်။ ဆင်ခြင်တုံ တရားကိုလည်း တိုးပွားစေသည်။ စာဖတ်ခြင်းသည် တန်ခိုးတက်စေသည်။ ဆိုလိုသည်မှာတန်ဖိုး တက်ခြင်းဖြစ်သည်။ တန်ဖိုးတက်ခြင်းကြောင့် မိမိဘဝသည် လှနေသည်။ မိမိဘဝ၌ ပိုနေသည်တို့ကို နုတ်၍ လိုနေသည်များကို ဖြည့်တင်လာတတ်သည်။ ထိုအခါ အတွေ့အကြုံအသစ်များနှင့် ထိတွေ့ခွင့် ရလာသည်။ စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်ရန် သစ်လွင်သောနည်းလမ်း ရှိရာသို့ သိမ်မွေ့စွာချဉ်းကပ်နိုင် သည်။ လူမှုဘဝသည် တစ်ဆင့်ထက်တစ်ဆင့်မြင့်သည်ထက်မြင့်လာပါလိမ့်မည်။ မည်သည့်အရာသည် အမှန်၊ မည်သည့်အရာသည် အမှားဆိုသည်ကို လမ်းညွှန်ပြသပေးသည်။ အချိန်ကုန် သက်သာ လူမပင်ပန်းခြင်းသည် စာဖတ်ရာ၌ရလာသည့် အကျိုးပင်ဖြစ်သည်။

 ဘယ်ကိုသွားမှာလဲ

စာဖတ်ရန်အတွက် အနီးစပ်ဆုံးရှိရာ စာကြည့် တိုက်သို့သွားပါဟု တိုက်တွန်းပါသည်။ စာကြည့် တိုက်အသုံးပြု သည့်ဓလေ့ကို ကျောင်းစာကြည့်တိုက် များမှစ၍ ပြုစုပျိုးထောင်ပေးသင့်သည်။ ဆိုရပါမူ ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ရေသောက်မြစ်ကို အားပေးရာရောက်သည်။ ကျောင်းစာကြည့်တိုက်နှင့် ရင်းနှီးလာရာမှ စာကြည့်  တိုက်များသို့ ဝင်ထွက်သွားလာရမည်။ စာကြည့်တိုက်တွင် နေ့စဉ် စာဖတ်သည့် ဓလေ့သည် စွဲကပ်လာမည်။ စာကြည့်တိုက်များ တိုးတက် ပြောင်းလဲလာရေးလည်း လိုလာသည်။ စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍသည်လည်း လူတိုင်စာဖတ် လာရေးတွင်အရေးပါလာမည်ဖြစ်သည်။ ဝန်ဆောင်မှုကောင်းလေ စာဖတ်သူဦးရေ တိုးပွားလာလေပင် ဖြစ်မည်။ စေတနာရှင်လုပ် သားပြည်သူများ ကလည်း စာကြည့်တိုက် ဖွံ့ဖြိုးရေး အတွက် ငွေအားစိုက်ထုတ် ၍ကူညီသင့်သည်။ ဒစ်ဂျစ်တယ်နည်း ပညာခေတ်တွင် အီလက်ထရွန်နစ် စာကြည့်တိုက်များ ပေါ်ပေါက်လာ စေရန်လည်း လိုအပ်သည်။

 ဘယ်လိုနည်းနဲ့ ဖတ်မှာလဲ

မိမိဖတ်နေသည့် စာအုပ်စာပေကို နားလည် အောင် (Comprehension) ဖတ်ပါ။ နားလည်လာ သည်နှင့် အမျှ ဖတ်နေသည့်စာကို အရသာခံတတ် (Literary Appreciation) လာမည်ဖြစ်သည်။ အရသာရှိသော အစာကို အဖန်တလဲလဲစားချင်စိတ်ရှိ လာသည့်နှယ် အရသာရှိသောစာကို ထပ်ကာထပ်ကာ ဖတ်ချင်စိတ်ဖြစ် လာပါလိမ့်မည်။ စိတ်အားထက်သန် မှုသည် စာဖတ်လိုစိတ်ကို စေ့ဆော်ပေးနေသဖြင့် စာကို ပိုမိုဖတ်ရှုလာ စေသည်။ စာဖတ်လေ ဖတ်ရှု၍ ခြုံငုံနားလည်နိုင်စွမ်း (Reading Comprehension) သည် မြင့်မားလေဖြစ် တော့သည်။ ထို့နောက်မှ မည်သည့်စာများကို ဖတ်ရှုမည်ဟူသည့် ဆုံးဖြတ် ချက်သည် ကပ်၍လိုက်ပါလာ လိမ့်မည်။ Reading Blog တစ်ခုကို ထားရှိခြင်းသည် စာဖတ်သူနှစ်သက် ခဲ့သည့် စာအုပ်များကို အမှတ်ရစေမည့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါသည်။ ဝေဖန်ပိုင်းခြား မှုရှိသာ စာဖတ်ခြင်းနည်းလမ်းတွင် သုံးသပ်ခြင်း။ ဖွင့်ဆိုခြင်းနှင့် တစ်ခါတစ်ရံ အကဲဖြတ်ခြင်းတို့ပါ ပါဝင်သည်။ ဝေဖန်ပိုင်းခြားစွာ စာဖတ်သည့်အခါ ဖတ်ရှုနေ သော စာသားကိုသာမက စာဖတ်နေသည့် မိမိကိုယ်မိမိ မေးခွန်းများထုတ်လာမည်။ ဖြစ်သည်။ ဝေဖန်ပိုင်းခြား နိုင်သောတွေးခေါ်မှုကို ထက်မြက် စေသည်။

စာဖတ်ဖို့ပြောသူတွေ

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က "စာဖတ်သောလူမျိုးများသည် တိုးတက်၍၊ တိုးတက်သောလူမျိုးတို့သည် စာဖတ်ကြသည်ဟု မိန့်ဆိုခဲ့သည်။ စာပေနယ်၌ ထင်ရှားသောစာရေး  ဆရာကြီး အောင်သင်းက “ဘယ်သူတွေက ဘာပြောနေနေ မင်းကိုယ်ကိုမင်း ချစ်ရင်ပညာသင်ပါ၊ စာဖတ်ပါ၊ တိုင်းပြည်နဲ့ လူမျိုး ကိုချစ်ရင် ပညာသင်ပါ၊ စာဖတ်ပါ ဟု ပြောကြားခဲ့သည်။ မိန့်ဆိုချက်များသည် စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကိုသာ ရည်ညွှန်း နေကြသည်။ နာယူသင့်သည့် စကားများပင်ဖြစ်သည်။

 စာအုပ်စာပေ လူ့မိတ်ဆွေ

မေ့လျော့နေသော အကြောင်းအရာ အဖြစ်အပျက်တို့ကို မိတ်ဆွေတို့အား မေးမြန်းခြင်းဖြင့် ပြန်လည်အစဖော် နိုင်သည်။ ထို့နည်းတူ စာအုပ် အတွင်းမှ ပြန်လည်တူးဆွ အစဖော်နိုင်သည်။ အခြား သူအား ပြန်လည်ချေပ ပြောဆိုလမ်းညွှန်နိုင်သည်။  စာအုပ်စာပေတို့ကို မိမိ၏မိတ်ဆွေတစ်ဦးနှယ် မေးမြန်းနိုင်သည်။ မိမိမသိသည့် အသိပညာ၊ စကား  လုံး၊ ခံစားမှုရသ စသည်တို့ကို သိစေအပ်သည့် မိတ်ဆွေကောင်းတစ်ဦးနှယ်ဖြစ်သည်။ မိမိအား  ဆင်ခြင်တုံတရားကိုလည်း သင်ကြားပြောပြပေးသူ ဖြစ်သည်။ မိတ်ဆွေကောင်းအား စားကောင်း သောက်ဖွယ် တို့နှင့် ဧည့်ခံသည့်နည်းတူ စာအုပ်တို့ကို  နေရာခင်းကျင်း ကျနစွာနှင့် ထားလိုစိတ်ရှိရမည်။ လိုအပ်၍ စာအုပ်ကို ပြန်လည်ဖတ်ရှုချိန်သည် မိတ်ဆွေကောင်းအား ပြန်လည်ဆုံတွေ့ရသည့် ခံစားမှုမျိုးပင်ဖြစ် သည်။ မိမိ၌ မိတ်ကောင်း ဆွေကောင်း အမြဲရှိနေသလို မိမိလက်ဝယ် စာကောင်းပေမွန်တစ်အုပ်သည် အမြဲရှိနေသင့်သည်။ စာဖတ်သူတို့ ပျော်ရွှင်စေရန်၊ အသိအလိမ္မာ ရရှိရန်နှင့် အကျိုးအကြောင်း ဆင်ခြင်နိုင်စေရန် စေတနာကို အရင်းခံထား၍ ရေးသားထားသော စာအုပ်မှန် သမျှသည် မိမိ၏မိတ်ဆွေများပင်ဖြစ်သည်။

လူနေမှုအဆင့်အတန်းကိုလူတစ်ဦး၏  ချမ်းသာကြွယ်ဝမှု၊ သက်သောင့်သက်သာရှိမှု၊ ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင် မှုတို့ဖြင့် တိုင်းတာသည်။  အခြားတစ်ဖက်၌ စိတ်ကူးစိတ်သန်း၊ စကားပြောဆို  ဆက်ဆံမှုတို့ဖြင့် အကဲဖြတ် ကြသည်။ လူတစ်ဦးချင်း စီကို သယ်ဆောင်လာရာမှ သက်ဆိုင်ရာ ပထဝီဝင် ဒေသအတွင်း၊ ထိုမှ နိုင်ငံတစ်နိုင်ငံအတွင်း Level တစ်ခုသို့ တက်လှမ်းကြသည်။ ခြေလှမ်းအစသည်  စာတတ်မြောက်ရေးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ၌ တိုင်းပြည်ပြန်လည်ထူထောင်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး စသည်တို့တွင် လူ့စွမ်းအားအရင်း အမြစ်များ လိုအပ်နေချိန် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် စေရန်မှာ စာတတ်ခြင်း၊ စာဖတ်ခြင်းသည်လည်း ပါဝင် ပတ်သက်နေသည်။ တစ်ဖန် စာဖတ်ခြင်းကြောင့် မိမိအတွက် သာမက မိသားစုနှင့်ပတ်ဝန်းကျင်၊ နိုင်ငံ အထိတိုင် အကျိုးရလဒ်ကောင်းများစွာရရှိခံစားနိုင် သည်။ ထို့ကြောင့်လူ့စွမ်းအားဖွံ့ဖြိုးပြီး အတွေး အခေါ် အမြော်အမြင် ဗဟုသုတများစွာ တိုးပွားရရှိနိုင်ရန် အတွက် စာတတ်သူတို့ စာဖတ်စို့ဟု တိုက်တွန်းလိုက် ရပါသည်။ ။

No comments:

Post a Comment