Monday, January 17, 2022

လစဉ်ပေးဆောင်ရသည့် ဓာတ်အားခ

 

လျော့နည်းသက်သာကြရလေအောင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲလျက်ရှိသော အိမ်ထောင်စုများ ဓာတ်အားချွေတာသုံးစွဲကြရေးအတွက် သက်ဆိုင်ရာက နှိုးဆော်တိုက်တွန်းထားသည်။ မိမိတို့နိုင်ငံတွင် အိမ်ထောင်စု ပေါင်း ၁၀ ဒသမ ၉ သန်းခန့်ရှိရာ လက်ရှိအချိန်တွင် အိမ်ထောင်စု ပေါင်း ၆ ဒသမ ၆ သန်းခန့်က နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲနေကြသည်။ နိုင်ငံတော်အတွင်း မှီတင်းနေ ထိုင်ကြသည့် အိမ်ထောင်စု စုစုပေါင်း၏ ၆ဝရာခိုင်နှုန်း မီးရနေခြင်းပင်ဖြစ်သည်။

ဓာတ်အားရရှိသုံးစွဲနိုင်ခြင်းဖြင့် လူနေမှုအဆင့်မြင့်တက်သွားသည်။ နေအိမ်များတွင် မီးထွန်း၊ ချက်ပြုတ်၊ တီဗွီကြည့်၊ ပန်ကာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်ကို တပ်ဆင်စသည်ဖြင့် ဓနအင်အား တတ်နိုင်လျှင် တတ်နိုင်သလောက် သုံးစွဲလာကြသည်။

ကျေးရွာများတွင် အသေးစားစက်မှုလုပ်ငန်းများ၊ အလုပ်ရုံငယ်များ ထူထောင်လာနိုင်ကြသည်။ ဓာတ်အားသုံး စွဲမှု က နှစ်စဉ်တိုးတက်နေ သကဲ့သို့ ထုတ်လုပ်ဖြန့်ဖြူးမှုအပိုင်းကလည်း နှစ်စဉ်တိုးတက်နေ စေရန် အားထုတ် ကြိုးပမ်း နေကြရသည်။ မြန်မာနိုင်ငံတွင် ဓာတ်အား ထုတ်လုပ်မှု အများစုကို ရေအားလျှပ်စစ် စနစ်ဖြင့် ထုက်လုပ်နေ ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့၊ LNG၊ နေရောင်ခြည်စွမ်းအင်နှင့် အခြားနည်းလမ်းများဖြင့် ဓာတ်အား ထုတ်လုပ်မှု များရှိသော်လည်း အနည်းစုသာဖြစ်သည်။ ရေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု သည် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်ခြင်း၊ ထုတ်လုပ်မှုစရိတ်သက်သာခြင်း စသည့်အားသာချက်များရှိသလို စီမံကိန်း ကုန်ကျစရိတ် ကြီးမားခြင်း၊ တည်ဆောက်မှုအချိန်ကာလကြာမြင့်ခြင်း၊ ဓာတ်အားထုတ်လုပ်သည့်နေရာများနှင့် မြို့ပြဒေသများ အလှမ်းဝေးခြင်းစသည့် အားနည်းချက်များလည်းရှိသည်။ အဓိကအားနည်းချက်မှာ ရာသီဥတုအပေါ် မှီခိုနေရခြင်း ဖြစ်သည့်အတွက် မိုးရာသီကုန်ဆုံးခြင်း၊ မိုးရွာသွန်းမှု ပုံမှန်ထက်လျော့နည်း၍ ဆည်တမံများတွင် ရေဝင်ရောက်မှုနည်းပါး ခြင်းစသည့်အခါများတွင် ဓာတ်အားထုတ်လုပ်မှုကို ပုံမှန်အောက် သာ လျှော့ချထုတ်လုပ်နိုင်ခြင်းပင်ဖြစ်သည်။

ယခုနှစ် မိုးရာသီကုန်ဆုံးချိန်တွင် ယခင်နှစ်များအတိုင်း ရေအားလျှပ်စစ်ထုတ်လုပ်မှုကို လျှော့ချရသည့်အပြင် အခြားသော အကြောင်း အရာများကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျနေသည့်အတွက် သုံးစွဲမှုအပိုင်းက လည်း ချွေတာသုံးစွဲကြရေး၊ ဓာတ်အားဖြုန်းတီးမှုများကို သတိပြုရှောင်ကြဉ်ကြရေးအတွက် သက်ဆိုင်ရာက မီဒီယာများမှတစ်ဆင့် နှိုးဆော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံး စွဲနေသည့် အိမ်ထောင်စု ၆ ဒသမ ၆ သန်းကို ဓာတ်အားချွေတာသုံးစွဲခြင်းဖြင့် မိမိတို့မိသားစုရော နိုင်ငံတော် အတွက်ပါ နှစ်ဦးနှစ်ဝ အကျိုးရှိစေမည့်ချွေတာရေး နည်းလမ်းကိုလည်း အကြံပြုလမ်းညွှန်ထားသည်ကို တွေ့ရသည်။ ဓာတ်အားသုံးစွဲနေကြသည့် အိမ်ထောင်စုများတွင် ရိုးရိုးမီးလုံး၊ မီးချောင်းများအစား LED မီးလုံး၊ မီးချောင်းများကို လဲလှယ်သုံးစွဲ ကြရန်နှင့် မလိုအပ်သောနေရာများမှ မီးခလုတ်များကို ပိတ်ထား ကြရန်ဖြစ်ရာ လွန်စွာရိုးရှင်းလွယ်ကူသည့်အပြင် မိသားစုအတွက် လျှပ်စစ်မီတာခ လျော့နည်းသက်သာစေမည့် အကျိုး ကျေးဇူးကို လက်ငင်းရရှိနိုင်ကြမှာဖြစ်သည်။

LED (light emitting diodes) မီးလုံး၊ မီးချောင်းများသည် သမားရိုးကျ မီးလုံး၊ မီးချောင်းများနှင့် နှိုင်းယှဉ်ပါက စွမ်းအင်လိုအပ်ချက်၈၅ရာခိုင် နှုန်းအထိ လျော့နည်းသည့်အတွက် ဝပ်အား အတူတူသုံးစွဲလျှင်ပင် အလင်းအား ပိုမို၍မြင့်မားသည်။ ထို့ပြင်ကာရှည်လည်းခံသည်။ သာမန် မီးလုံး၊ မီးချောင်းများထက်ဈေးပိုကြီးသော်လည်း လွန်စွာမြင့်မားသည့် ဈေးနှုန်းမဟုတ်သည့်အပြင် ဓာတ်အားခသက်သာခြင်းနှင့် သက်တမ်းကာရှည်ခြင်း တို့ကြောင့် ပို၍တွက်ခြေကိုက်သည်။ လူမရှိ ဘဲမီးထွန်းထားခြင်း၊ တီဗွီဖွင့်ထားခြင်း၊ ပန်ကာလေအေးပေး စက်များ ဖွင့်ထားခြင်း၊ မီးဖို၊ ရေတင်သည့်မော်တာ၊ မီးပူ အစရှိသည့် ဓာတ်အားသုံးစွဲမှုမြင့်မားသည့် ကိရိယာများ ကို တစ်ပြိုင်တည်း သုံးစွဲ ခြင်း စသည်တို့ကို ဆင်ခြင်ရှောင်ကြဉ်ခြင်းအားဖြင့် ဓာတ်အားခ လျော့နည်းသက်သာ စေမည်ဖြစ်သည်။ မိသားစုအတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိစေမည့် လျှပ်စစ်ဓာတ်အားချွေတာရေး ကျင့်စဉ် များကို လက်တွေ့ကျကျ ကျင့်သုံးခြင်းဖြင့် အကျိုးဆောင်နိုင်ကြ ပါစေကြောင်း။ ။

(မြန်မာ့အလင်းအယ်ဒီတာ့အာဘော်)

No comments:

Post a Comment