Monday, January 17, 2022

ဆီစားသုံးမှုကိုလျော့ချ ဆီထွက်သီးနှံတိုးတက်စိုက်ပျိုး

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများကျန်းမာရေးကို အလေးထားရှေးရှုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြည်သူများ ကိုယ်စီကျန်းမာသော ဘဝကို ပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရေး အတွက် စားသုံးဆီနှင့် ပတ်သက်၍ မကြာခဏလမ်းညွှန်မှာကြားလျက်ရှိသည်။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူအများစုသည် ထုံးတမ်းစဉ်လာဓလေ့အရ စားသောက်ဖွယ်ရာ များတွင် ဆီကိုမဖြစ်မနေ နှစ်ခြိုက်မက်မောစွာ သုံးစွဲကြသည်။ လူတစ်ဦးချင်းအနေဖြင့် ဆီစားသုံးမှုမြင့် မားသဖြင့် စားအုန်းဆီကို ပြည်ပမှ နှစ်စဉ် တန်ချိန်များစွာ တင်သွင်းနေရသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စားအုန်းဆီကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ခန့် တင်သွင်းခဲ့ရသဖြင့် နိုင်ငံတော်က နိုင်ငံခြားငွေကြေး အမြောက်အမြား သုံးစွဲခဲ့ရသည်။

ပညာရှင်များတွက်ချက်မှုအရ ကျန်းမာရေးအတွက်လူတစ်ဦး၏ တစ်ရက် ဆီလိုအပ်ချက်သည် ၁ ဒသမ ၅ ကျပ်သားခန့်ဖြစ်ပြီး တစ်နှစ်လျှင် ခြောက်ပိဿာခန့် သာစားသုံးသင့်သည်။ သို့သော်လူတစ်ဦးချင်းအနေဖြင့် အဆိုပါပမာဏထက်များပြားကျော်လွန်ကာ စားသုံးနေကြသည်ကိုတွေ့ရသည်။ ယင်းတို့တွင် မသန့်ရှင်း သောဆီ၊ အရောအနှောဆီများလည်း ပါဝင်တတ်သဖြင့် ပြည်သူများ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိသည်။ ဆီကိုလိုသည် ထက် ပိုမိုစားသုံးခြင်းကြောင့် အဝလွန်ရောဂါ၊ အဆီဖုံးရောဂါ၊ သွေးကြောအဆီပိတ်ရောဂါနှင့် အခြားဆက်စပ် ရောဂါများ ဖြစ်ပွားတတ်သည်။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ဈေးနှုန်း သက်သာ သော စားအုန်းဆီကို ပြည်ပမှနှစ်စဉ်ဝယ်ယူတင်သွင်း နေရသဖြင့် နိုင်ငံခြားငွေ မလိုအပ်ဘဲ ယိုဖိတ်မှုဖြစ်ပေါ် လျက်ရှိသည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာအတွက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသော နိုင်ငံဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးကို နိုင်ငံတော်၏ ဆန်အိုးကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ဆီအုန်းစိုက်ပျိုးဖြစ်ထွန်းသည့် တနင်္သာရီတိုင်းဒေသကြီးကိုလည်း နိုင်ငံတော်၏ ဆီအိုးကြီးအဖြစ် သတ်မှတ် ဆောင် ရွက်ခဲ့သည်။ အလားတူ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင်လည်း ဆီထွက်သီး နှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ထို့ကြောင့် စားသုံးဆီကိုပြည်ပမှ မှာယူတင်သွင်းစရာမလိုဘဲ ပြည်တွင်း၌ ဆီထွက်သီးနှံအမျိုးမျိုးတို့ တိုးတက် စိုက်ပျိုး ထုတ်လုပ်ကြရန်လိုအပ်သည်။ ဆီအုန်းပင်သည် စားသုံးဆီအတွက်သာမက စက်မှုကုန်ကြမ်း သီးနှံပင်ဖြစ်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းစိုက်ပျိုး ထုတ်လုပ်ကြဖို့လိုအပ်သည်။ နိုင်ငံတော်၏ ဆီအိုးကြီးဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးတွင် မျိုးကောင်းမျိုးသန့်ဆီအုန်း ပင်များစိုက်ပျိုးရေး၊ မြေကောင်းမွန်ရေးနှင့် ရေလုံလောက်စွာရရှိရေး၊ စိုက်နည်း စနစ်မှန်ကန်ရေးတို့ကို အလေးထားဆောင်ရွက်လျှင် ဆီထွက်သီးနှံ အထွက်တိုးလာ မည်ဖြစ်သည်။ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းများ၊ ဆီကြမ်းထုတ်လုပ်ရေး စက်ရုံများ ပုံမှန်လည်ပတ်လာနိုင်လျှင် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွားလာ မည်ဖြစ်သည်။

ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေးအတွက် နိုင်ငံတော်က မြေကများစွာချထား ပေးခဲ့ပြီးဖြစ်ရာ စိုက်ပျိုးမြေ များတွင် အမှန်တကယ်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည်။ ယခုအခါ စိုက်ပျိုးမြေအချို့တွင် အမှန်တကယ်စိုက်ပျိုးခြင်း မရှိသည်များ လည်းရှိနေရာ လက်တွေ့အကောင်အထည်ဖော်လိုသည့် လုပ်ငန်းရှင်များနှင့် နိုင်ငံတော်အတွက် နစ်နာမှုများရှိနေသည်။ စိုက်ပျိုးနိုင်ခြင်းမရှိရသည့် အကြောင်း ရင်းကို ပွင့်လင်းမြင်သာစွာချပြုပြီး နည်းလမ်းအဖြေရှာ ပြန်လည်ဆောင်ရွက်ကြရမည် ဖြစ်သည်။ လက်ရှိစိုက်ပျိုးနေကြသည့် ဆီအုန်းလုပ်ငန်းရှင် များ အနေဖြင့်လည်း ဆီအုန်းပင်များအောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်နှင့် ဆီအုန်းများမှ ပြည်သူများလိုအပ်သည့် စားအုန်းဆီများ သတ်မှတ်ချက်အတိုင်း ထုတ်လုပ်ကြရန်လိုအပ်သည်။

 မြန်မာနိုင်ငံတွင် ဆန်ပြီးလျှင်ဆီသည် အဓိကစိုက်ပျိုးထုတ်ကုန်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်သူ၊ စားသုံးသူ နှင့်နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်းရေး အတွက် ပြည်တွင်း၌ ဆီထွက်သီးနှံ အမျိုးမျိုးကို တိုးတက်စိုက်ပျိုးကြရမည် ဖြစ်သည်။ အထူးသဖြင့် စားအုန်းဆီစိုက်ပျိုးထုတ်လုပ်ရေးကို ပြည်ပမှမှာယူ တင်သွင်းမှု လျှော့ချနိုင်ရန်အတွက် ပြည်တွင်း၌ ဆီအုန်းပင်စီမံကိန်းများ အောင်မြင် ဖြစ်ထွန်းရေးကို ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း စားသုံး ဆီများကို လျှော့ချသုံးစွဲခြင်းဖြင့် မိမိတို့၏ကျန်းမာရေးကို အထောက်အကူပြုသည့်အပြင် ကုန်ကျစရိတ် လည်း လျော့နည်း သက်သာလာမည် ဖြစ်သည်။

သို့ဖြစ်ရာပြည်သူများ ကုန်ကျစရိတ်သက်သာရေး၊ ကျန်းမာရေးနှင့်ညီညွတ်ရေးနှင့် နိုင်ငံခြားငွေ အပိုကုန်ကျမှု လျှော့ချရေးအတွက် စားသုံးဆီကို လျှော့ချသုံးစွဲကြရန်နှင့် ဆီအုန်းအပါအဝင် ဆီထွက်သီးနှံ အမျိုးမျိုးတို့ကို တိုးတက်စိုက်ပျိုးထုတ်လုပ် ကြရန် အထူးမေတ္တာရပ်ခံ တိုက်တွန်း အပ်ပါကြောင်း။ ။

 (ကြေးမုံအယ်ဒီတာ့အာဘော်)

No comments:

Post a Comment