Thursday, November 25, 2021

မီဒီယာအကျိုး၊ ပြည်သူ့အကျိုး

 

အများပြည်သူ သိသင့်သိထိုက်သည့် အများပြည်သူ သိလိုသည့် လတ်တလောဖြစ်ရပ်များကို ပြည်သူလူထုထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့သည့် လုပ်ငန်းများမှာ မီဒီယာများပင်ဖြစ်သည်။ မီဒီယာ လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများဖြစ်သကဲ့သို့ တစ်ပြိုင်တည်း မှာပင် လူထုအပေါ်သက်ရောက်မှုရှိသော လူမှုလုပ်ငန်းများလည်း ဖြစ်သည်။ လူများသည် မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ လူ့အဖွဲ့ အစည်းနှင့် ကမ္ဘာလောကကြီးကို သိမြင်နားလည်နိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်များကို မီဒီယာများမှတစ်ဆင့် ရယူကြရသည်။ မီဒီယာများကလည်း ပြည်သူအများသိရှိရန် လိုအပ်သည့်၊ ပြည်သူများကသိလိုကြသည့် သတင်းများကို မှန်မှန် ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ တိတိကျကျနှင့် ချိန်ချိန်ဆဆပေးကြ နိုင်ကြရန် ကြိုးပမ်းကြရသည်။

အများပြည်သူအတွက်သတင်းအချက်အလက်များ ဖြန့်ချိပေးကြသည့် မီဒီယာများမှာ ရှေးဦး အကျဆုံးဖြစ်သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ပုံနှိပ်မီဒီယာများမှသည် ရေဒီယို၊ ရုပ်မြင်သံကြား စသော အီလက်ထရွန်နစ်မီဒီယာများဆီသို့တစ်ခေတ်တစ်ခေတ်ပြောင်းခဲ့ ကြရာမှ ယခုအခါ အင်တာနက်အခြေပြုသည့် အွန်လိုင်းမီဒီယာများ ခေတ်ဆီသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ စာများ၊ ပုံများ၊ အသံများ၊ ရုပ်ရှင်ဖိုင်များကို လူတိုင်းကိုယ်စီလက်ထဲတွင် ကိုင်ထားသည့် ဖုန်းကလေးများဖြင့် ပို့နိုင်ယူနိုင်သည့်ခေတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူတိုင်းသည် သတင်းထုတ်လုပ်သူနှင့် သတင်းစားသုံးသူ တို့ဖြစ်လာသည်။ သို့ရာတွင် သတင်း၏မှန်ကန်မှု၊ တိကျခိုင်မာမှု၊ ဘက်မလိုက် မှုတို့နှင့် စပ်လျဉ်း၍မူ စိစစ်ရန်၊ ချင့်ချိန်ရန် လိုအပ်လာသည်။ သတင်းများ၊ ဓာတ်ပုံများ၊ အရုပ်အသံများမြင်ရ၊ ဖက်ရ၊ တွေ့ရ။ ကြားရသော်လည်း မှန်ချင်မှန်မည်၊ မှန်ချင်မှလည်း မှန်မည်၊ လုံးဝ မဟုတ်မမှန် စသည်ဖြင့် သတင်းစားသုံးသူကိုယ်တိုင်က မီဒီယာနှင့် ပက်သက်၍ ကိုယ်ခံအားကောင်းရန် လိုအပ်လာသည်။ အဓိက အကျဆုံးသောအချက်မှာ အွန်လိုင်းမီဒီယာ ခေတ်တွင် ပရော်ဖက်ရှင်နယ် မီဒီယာသမားများမှာ ရပ်ထဲရွာထဲမှသတင်း တင်နေသူများ၏ ဖုံးလွှမ်းမှုများအောက်သို့ ရောက်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။

ရပ်ထဲရွာထဲမှ သတင်းလက်စလက်နရှိသူများကို စီတီဇင် ဂျာနယ်လစ်များဟူ၍ အသိအမှတ်ပြုကြ သော်လည်း ၎င်းတို့နှင့် အတူ ကျင့်ဝက်နားမလည်သူ၊ ကျင့်ဝက်ကင်းမဲ့သူများ၊ မသမာသူများ လည်း အများအပြား ရောထွေးပါဝင်နေကြသည်။ သတင်းအမှန် ပေးရန်ထက် ထိတ်လန့်ချောက်ချားစေရန်၊ ရှုပ်ထွေးစေရန်၊ တစ်ဦး တစ်ယောက်ကို အကျိုးပျက်စီးစေရန်၊ နိုင်ငံရေးအပါအဝင် ရည်မှန်း ချက်တစ်ခုခုအတွက်ဖန်တီးရန် စသည်ဖြင့် သတင်းတုသတင်းယောင် သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ကြခြင်းဖြစ်ရာ ပြည်သူလူထု သတင်းအမှန်ကို သိရန်အတွက် ပရော်ဖက်ရှင်နယ် မီဒီယာသမားတို့ လိုအပ်လာသည်။ သို့ဖြစ်သည့်အလျောက် သတင်း မီဒီယာသမားများ၏ အကျိုး၊ ပြည်သူလူထု၏ အကျိုးတို့ကို ဆောင်ကြဉ်းပေးနိုင်မည့် သတင်းမီဒီယာ ကောင်စီသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်တစ်ခု အဖြစ် ဖွဲ့စည်းရခြင်းလည်းဖြစ်သည်။

"သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့်သတင်း အချက်အလက်များကို ပြည်သူများရရှိရေးအတွက်လည်း ကာကွယ် စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ဟု အသိပေးပြောကြားလိုပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့သည်။ သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာသမားများ အပေါ်တွင်ရော ပြည်သူများအပေါ်တွင်ပါ တာဝန်ခံယူကြရန်ပင်ဖြစ်သည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်ပြီးလျှင် မီဒီယာသည်စတုတ္ထ မဏ္ဍိုင်ဖြစ်ပြီး ပြည်သူကပဉ္စမမဏ္ဍိုင် ဖြစ်သည်။ မီဒီယာသည် မဏ္ဍိုင်ကြီးသုံးရပ်နှင့် ပြည်သူလူထု အကြား တွင်ရပ်တည်ကာ ပေါင်းကူးဆက်သွယ်ပေးနေခြင်းလည်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်မှာ မဏ္ဍိုင်ကြီးသုံးရပ် အမှားကင်းဖို့ လိုသလို အစိုးရနှင့် ပြည်သူကြည်ဖြူစွာ လက်တွဲ တည်ဆောက်နိုင်ရန် လည်းလိုသည်။ မီဒီယာများသည် စီးပွားရေးထုတ်ကုန်သက်သက် မျှသာ မဟုတ်ဘဲ လူမှုရေးဩဇာသက်ရောက်မှုလည်း ရှိသည့် အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ များ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် သတင်းအတတ်ပညာဖြင့် အကျိုးပြု ဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ဖြည့်ဆည်းပေးရာတွင်လည်းကောင်း သတင်းမီဒီယာကောင်စီ၏ ကြိုးပမ်း ဖြည့်ဆည်းပေးမှု နှင့်အတူ လူမှုတာဝန် ကျေပွန်နိုင်ကြပါစေကြောင်း။

No comments:

Post a Comment