Thursday, November 25, 2021

ပြည်သူများသတိတရားဖြင့် ဘေးဘယာကင်းဝေး

 

ကမ္ဘာ့ပြည်သူများအား ခြိမ်းခြောက်ဖျက်ဆီးခဲ့သည့်ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမှာ နှစ်နှစ်နီးပါး ကြာခဲ့ပြီဖြစ်သည်။ ကပ်ရောဂါဆိုးသည် နှစ်နှစ်တာကာလအတွင်း ကမ္ဘာ့ပြည်သူပြည်သား သန်းပေါင်းရာချီ ကူးစက်ခံခဲ့ရပြီး သန်းပေါင်းများစွာသော လူ့အသက်တို့ကို နုတ်ယူသွားခဲ့သည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်းပေါင်း ၅၀ ကျော်ရှိသည့်အနက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ငါးသိန်းကျော်ရှိခဲ့ပြီး ပြည်သူ ပြည်သား နှစ်သောင်းနီးပါး အသက်သေဆုံးခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ နိုင်ငံအများတွင် လျော့ကျလာပြီ ဖြစ်သော်လည်း အချို့နိုင်ငံများတွင် တတိယလှိုင်း၊ စတုတ္ထလှိုင်းဖြစ်သည်အထိ ကူးစက်ခံနေရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသိသာသာ လျော့ကျလာခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အားတက်သရော ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုအားလုံး အသိတရားဖြင့် စနစ်တကျ စည်းကမ်း လိုက်နာမှု၊ ဌာနဆိုင်ရာအသီးသီးက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုရေးအသင်းအဖွဲ့များက တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုတို့ကြောင့် ရောဂါစောင့်ကြပ် ကြည့်ရှုရေးဆိုင်ရာ ရက်သတ္တပတ်အလိုက် သုံးသပ်ချက်များအရ ဓာတ်ခွဲအတည်ပြု လူနာ တွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိရမှု ရာခိုင်နှုန်းများမှာ တဖြည်းဖြည်း လျော့နည်းကျဆင်းလာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်းမှာ လွန်ခဲ့သော ရက် သတ္တ လေးပတ်အတွင်း ငါးရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းလာသည်ကို တွေ့ရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၆၃၁ဦးတွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ခုနစ်ဦးရှိခဲ့သည်။ ရောဂါပိုး တွေ့သူ ရာဂဏန်းနှင့် သေဆုံးသူ ၃ဂဏန်းသာ ရှိတော့ပြီး ထိုနေ့အဖို့ ပိုးတွေ့ရာခိုင် နှုန်းမှာ ၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိ မှုမှာ တဖြည်းဖြည်း သိသိသာသာလျော့ကျလာခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း ရောဂါကူးစက်မှုနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်ဖြင့် ရောဂါမရှိသလောက်ဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ကာလအတွင်း ကပ်ဘေးအမျိုးမျိုးကြုံတွေ့ရသည့်အနက် ရောဂါဘေး အပြင် လက်နက်ဘေးများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ အကြမ်းဖက်အဖျက်သမား လူမဆန် သူများ၏ ရက်စက်ယုတ်မာမှုများကြောင့် သံဃာတော်များ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စုစုပေါင်းတစ်ထောင်ကျော် အသက်စွန့်လွှတ်ခဲ့ရသည်။ အကြမ်းဖက် သမားများအား ဖယ်ရှားရှင်းလင်းနှိမ်နင်းစဉ် အလားတူ အသက်သေဆုံးမှုများရှိခဲ့သည်။ ထို့ကြောင့် ကပ်ရောဂါဘေး၊ လူတို့ပယောဂဘေးတို့ကြောင့် ပြည်သူများ၏အသက်ခန္ဓာများ အချည်းနှီးဆုံးရှုံး ခဲ့သည်ဟု ဆိုနိုင်သည်။ မိသားစုအသိုက်အဝန်းတို့နှင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာဆုံးရှုံး မှုများသာ ဖြစ်သည်။

ကပ်ရောဂါဘေး၊ လက်နက်ဘေးတို့မှ ကင်းဝေးရေးတို့အတွက် ပြည်သူများ အနေဖြင့် အသိသတိနှင့်ယှဉ်၍ ကောင်းသောအမှုများကို ကျင့်ကြံအားထုတ် နေထိုင်ကြရမည်ဖြစ်သည်။ ကပ်ရောဂါဘေး၊ လက်နက်ဘေးတို့သည် ပြည်သူများ နှင့်အတူရှိနေနိုင်သဖြင့် အသိတရား၊ သတိတရားဖြင့် ဆက်လက်နေထိုင်သွားကြ ရမည်ဖြစ်သည်။ ရောဂါကင်းဝေးရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေး နှင့်ညီညွတ်အောင် နေထိုင်စားသောက်တတ်ရန်လိုပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုမှကင်းဝေးပြီး ယခုထက် ကူးစက်မှုပိုမိုလျော့နည်းကျဆင်းလာစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ကျရာကဏ္ဍအလိုက် ယခုထက်ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ပြည်သူလူထုအား သတ်ဖြတ်ဖျက်ဆီးခြင်း အန္တရာယ်မှ ကင်းဝေးရေးအတွက် အကြမ်းဖက် သမားများအား တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ကူညီမှုသည် အရေးကြီးသဖြင့် အကြမ်းဖက်သမားနှင့်ပတ်သက်၍ သိရှိရပါက အသိတရားဖြင့် အသိပေးသွားကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ယခုလက်ရှိကြုံတွေ့နေရသည့် ကပ်ရောဂါဘေး၊ လက်နက်ဘေး အန္တရာယ်တို့ လျော့ပါးကင်းဝေးသွားစေရေးအတွက် နိုင်ငံတော် အစိုးရက အခက်အခဲများ၊ စိန်ခေါ်မှုများ အလွန်ကြီးမားသည့်ကြားမှ အများပြည်သူအကျိုးကိုရှေးရှု၍ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ပြည်သူများကလည်း အသိတရား၊ သတိတရားဖြင့် နိုင်ငံတော်နှင့်အတူလက်တွဲ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

No comments:

Post a Comment