ပလောက် စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့ပေါ်တွင်သာမက ကျေးရွာများအထိ စုရပ်အလိုက် အဖွဲ့များခွဲ၍ သတ်မှတ်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေး ထိုးနှံထားသည့်အတွက် ပြန်လည်ကောင်းမွန်လာသည့် သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
ဦးဇော်လင်း (အမှတ်(၃)ရပ်ကွက်၊ ပလောက်မြို့)
ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ အမှတ်(၃)ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဇော်လင်းဖြစ်ပါ တယ်။ ကျွန်တော်တို့ အရင်ကတည်းက ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများဖြစ်ပါတယ်။ ဒါပေမယ့်လည်း မထင်မှတ်ဘဲနဲ့ လွန်ခဲ့တဲ့ ဩဂုတ်လဆန်းကတည်းက နှာခေါင်း အနံ့ပျောက်သွားတာနှင့် ကျွန်တော်ဆေးရုံမှာ သွားပြီးတော့ ဆေးစစ်ဆေးခံတဲ့အခါမှာ ကိုဗစ် Positive ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲဒါနဲ့ သိသိချင်းဘဲ့ ကျွန်တော် ကိုဗစ်စင်တာကို သွားပြီးတော့ ဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုဗစ်စင်တာမှာ ဝင်ရောက်ဆေးကုသမှုခံယူခဲ့စဉ်မှာဘဲ့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်နှင့်အညီ အိပ်ရေးဝအောင်အိပ်ခဲ့တယ်၊ အာဟာရရှိတဲ့ အစားစာတွေကိုလဲ ရွေးချယ်စားသုံးခဲ့ပါတယ်။ ပြီးရင်လည်း အသက်ရှူလေ့ကျင့်ခန်းနှင့် လမ်းလျှောက်ခြင်းကိုဆောင်ရွက်ခဲ့ပါတယ်။ အဲလိုဆောင်ရွက်တဲ့အတွက် စင်တာမှာ နေစဉ်ကာလမှာပေါ့နော် အခြားပြင်းပြင်းထန်ထန်ဝေဒနာတွေကို မခံစားရဘဲနဲ့ သတ်မှတ်ရက်စေ့တဲ့အချိန်မှာ ကျန်းကျန်းမာမာနှင့် အိမ်ကိုပြန်လာနိုင်ခဲ့ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ကြိုတင်ပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံခဲ့တဲ့ အကျိုးကျေးဇူးကြောင့်ဘဲလို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့်မို့ ပြည်သူများကို တိုက်တွန်းပြောကြားချင်တာက ကိုဗစ်ရောဂါဟာ ပေါ့ပေါ့ဆဆနေလို့မရတဲ့အပြင် ကျန်းမာရေးဌာနရဲ့ လမ်းညွန်ချက်များနှင့်အညီ နေထိုင်စားသောက်မယ် ဆိုရင်လည်း ကြောက်စရာကောင်းတဲ့ရောဂါမဟုတ်ပါဘူးဆိုတာလဲ ပြောကြားချင်ပါတယ်။ ဒါကြောင့်မို့ မိမိရတဲ့ အခွင့်အရေးကို ထိထိမိမိ အသုံးချနိုင်ရန်အတွက် ကိုဗစ် ကာကွယ်ဆေးကို (၂)ကြိမ်ပြည့်အောင် ထိုးနှံကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါ်သန်းသန်းဦး(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း)
မင်္ဂလာပါရှင် ကျွန်မကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်ရှင်။ ကျွန်မနာမည်ကတော့ ဒေါ်သန်းသန်းဦးဖြစ်ပါတယ်ရှင်။ ကျွန်မတို့အားလုံးဟာ ကာကွယ်ဆေးကို အပြည့်အဝထိုးနှံထားပြီး ဖြစ်ပါတယ်ရှင် ဒါပေမယ့် မထင်မှတ်တဲ့အချိန်မှာ ကိုဗစ်ရောဂါ ကူးစက်ခြင်း ခံခဲ့ရပါတယ်ရှင်။ အစစချင်းမှာတော့ ကျွန်မ အနံ့ ပျောက်သွားပါတယ်၊ အရသာပျောက်သွားတယ်၊ အဲဒီအချိန်မှာဘဲကျွန်မ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူခဲ့ရာ ကိုဗစ် Positive ဖြစ်နေတာကို သိခဲ့ရပါတယ်ရှင်။ ဒါပေမယ့် ကျွန်မဟာ ကိုဗစ်ကာကွယ်ဆေးကို (၂)ကြိမ်အပြည့်ထိုးနှံထားပြီးဖြစ်တဲ့အတွက် ငါဘာမှမဖြစ်ပါဘူး ဘာမှပြင်းပြင်းထန်ထန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ ကိုဗစ်စင်တာကိုသွားရောက်ပြီးတော့ ဆေးကုသမှုခံ ယူခဲ့ပါတယ်။အနံ့ပျောက်တာကလွဲလို့ အခြားဆိုးဆိုးရွားရွား ဘာမှမဖြစ်ခဲ့ပါဘူးရှင်။ အခြား ကိုဗစ်ဖြစ်နေတဲ့သူများကိုလည်း ပြန်လည်ကောင်းမွန်သည့်အချိန်တွင် ကာကွယ်ဆေးကို မဖြစ်မနေထိုးကြပါလို့လည်း တိုက်တွန်းပေးခဲ့ပါသေးတယ်ရှင်။ ကိုဗစ်စင်တာတွင်နေစဉ် အချိန်တွင်းမှာလည်း ကျွန်မဟာ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားမှုအတိုင်း အိပ်ရေးဝဝအိပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်၊ အစားအသောက်ကိုလဲ အာဟာရရှိတာကိုရွေးချယ်စားသောက်ခဲ့ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှုကိုလည်းနေ့စဉ်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မသတ်မှတ်ရက်ပြည့်သွားတဲ့အချိန်မှာ ကျန်းကျန်းမာမာနှင့် ရောဂါဘယကင်းစင်စွာ အိမ်ကိုပြန်လာနိုင်ခဲ့ပါတယ်ရှင်။ အဲဒီလို ကျန်းကျန်းမာမာနှင့် အိမ်ကိုပြန်နိုင်ခဲ့တာကလည်း ကာကွယ်ဆေးကိုအပြည့်အဝထိုးထားတာကြောင့်လို့ ယုံကြည်ပါတယ်ရှင်။ ကျွန်မအနေနဲ့ အားလုံးကိုပြောချင်တာကတော့ ကိုဗစ်ရောဂါဟာ စိတ်ပူစရာလဲမလိုပါဘူး ကြောက်စရာလဲမလိုပါဘူး ဒါပေမယ့်ပေါ့ဆလို့လဲမရပါဘူးရှင် အဓိကကတော့ ကာကွယ်ဆေးကို အပြည့်အဝထိုးနှံထားဖို့ လိုပါတယ်ရှင်။ မိမိရရှိတဲ့အခွင့်အရေးကို လက်လွှတ်မခံဘဲနှင့်အခွင့်အရေးကို အပြည့် အဝအသုံးချပြီးကာကွယ်ဆေးကိုဖြစ်အောင်ထိုးကြဖို့တိုက်တွန်းပြောကြားလိုပါတယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
နှင်းမြူလွင် (ပလောက်)
No comments:
Post a Comment