Saturday, September 4, 2021

ဝန်းသိုမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထပ်တိုးဆောင်ရွက်ခွင့်ရရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 


ဝန်းသို စက်တင်ဘာ ၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ထပ်တိုးဆောင်ရွက်ခွင့်ရရှိခဲ့သော မင်းကုန်းကျေးရွာနှင့် လေဘိုကျေးရွာ တို့တွင် စီမံကိန်းလုပ်ငန်းဖြစ်သည့် ရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဩဂုတ်လ ၈ရက်နေ့မှ တစ်ပြိုင်တည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

"ယခင်က ကျွန်တော်တို့ ရွာတွင်းလမ်းတွေက ရွံ့တွေ၊ ဗွက်တွေနဲ့ သွားလာရတာ အဆင်မပြေခဲ့ ကြဘူး၊ အခုလမ်းတွေပြီးသွားတော့ ဘုရားသွားကျောင်းတက်အပြင် ကလေးတွေလဲ လမ်းပေါ်မှာ သာသာယာယာနဲ့ ပြေးလွှားဆော့ကစားနေကြရပြီ၊ ကျနော်တို့လူကြီးတွေက သူတို့လေးတွေကြည့်ပြီး ကျေနပ်ပီတိ ဖြစ်နေရတာပေါ့၊ အခုလိုစီမံကိန်းရန်ပုံငွေချပေးတဲ့ ကျေးလက် ဦးစီးဌာနရဲ့ ကျေးဇူးတွေပေါ့ဗျာ"ဟု မင်းကုန်းကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် တစ်ဦးက ပြောသည်။

မင်းကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း အရှည်ပေ ၁၂၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မနှင့် လေဘိုကျေးရွာရွာတွင်း ကွန်ကရစ်လမ်း အရှည်ပေ ၁၁၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မတို့ကို  စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)စီ၊ ပြည်သူထည့်ဝင် ငွေကျပ်(၁၀)သိန်းစီတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

"ဒီကျေးရွာနှစ်ရွာလုံးမှာ စီမံကိန်းရန်ပုံငွေနဲ့ ရွာတွင်းလမ်းတွေကို ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်  အိမ်ခြေပေါင်း(၁၀၂)အိမ်၊ လူဦးရေပေါင်း(၅၇၈)ဦးတို့ကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေမှာ အကျိုးပြုနိုင်ပြီး သန့်ရှင်းသာယာသော စံပြ ကျေးရွာတွေအဖြစ် ဖော်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်"ဟု မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ​မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်သူပူးပေါင်းပါဝင်သည့် စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (Village Development Plan)ကို ဝန်းသိုမြို့နယ်ရှိ  ကျေးရွာပေါင်း ၂၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင်

No comments:

Post a Comment