Thursday, September 2, 2021

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မလှိုင်မြို့နယ်၊ မြို့ကုန်းဆည် ရေဝင်မြောင်း လက်တံကျိုးပြတ်

 


မလှိုင် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့နယ်၊ ညောင်အုပ် ကျေးရွာအုပ်စု၊ မြို့ကုန်း ကျေးရွာအနီးရှိ  မြို့ကုန်းဆည် ရေဝင်မြောင်း လက်တံသည် မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့် ယမန်နေ့ ည (၁၁) နာရီ (၄ဝ) မိနစ်  အချိန်ခန့်တွင် အရှည်ပေ(၂ဝ) ခန့်  ကျိုးပြတ်သွားခဲ့ကြောင်းသိရသည်။  

မလှိုင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့၍  မြို့ကုန်း ကျေးရွာအနီးရှိ  မြို့ကုန်း ဆည် ၏ အရှည် (၃၇ဝဝ )ပေ အကျယ်(၁ဝ)ပေ၊ အမြင့်(၆)ပေရှိ ရေဝင်မြောင်း လက်တံသည် အရှည် (၂ဝ) ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၆)ပေခန့် ကျိုးပြတ်သွားခဲ့ကြောင်းသိရသည်။ 

ကျိုးပြတ် သွားသောနေရာအား သဲအိပ်များ ချထားဆောင်ရွက်လျှက်ရှိပြီး အချိန်မီပြန်လည် ပြုပြင်နိုင်ရန်  မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရေဝင်မြောင်းလက်တံ ကျိုးပြတ်သွားသော်လည်း သီးနှံစိုက်ခင်းများ၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။   

အောင်ဌေး (မလှိုင်)

No comments:

Post a Comment