Friday, September 10, 2021

ကလေးမြို့တွင် မဟာမြိုင်တောရ သဲဖြူဆရာတော်နှင့် အလှူရှင်များ လှူဒါန်းသော အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုများကို ဒေသကွက်ကဲရေး စစ်ဌာနချုပ်(ကလေး)မှ ဗိုလ်မှူးကြီး သန့်ဇင်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု



ကလေး စက်တင်ဘာ ၁၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံအတွင် အသုံးပြုနိုင်ရန်အတွက် ကလေးဝမြို့နယ် မဟာမြိုင်တောရ သဲဖြူဆရာတော် ဘဒ္ဒန္တပညာ ဇောတနှင့် အလှူရှင်များ လှူဒါန်းသော အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုများကို ဒေသကွက်ကဲရေး စစ်ဌာနချုပ်(ကလေး)မှ ဗိုလ်မှူးကြီး သန့်ဇင်ဦးနှင့် တာဝန်ရှိသူများမှ ယမန်နေ့က သွားရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကလေးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် အသုံးပြုနိုင်ရန် တည်ဆောက်မည့် KHO-30 အမျိုးအစား အောက်ဆီဂျင်စက်နှင့် စက်ပစ္စည်းများသည် စက်တင်ဘာ ၆ ရက်နေ့တွင် မန္တလေးမြို့မှ ကလေးမြို့သို့ရောက်ရှိခဲ့ပြီး စက်ရုံထားရှိသည့်မြေနေရာ၊ အဆောက်အဦ ဆောက်လုပ်ခြင်း၊ မီးလိုင်းသွယ်တန်းခြင်းများအား နယ်မြေခံဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ)များဖြင့် ဆောင်ရွက်နေမှုများအား ကလေးတပ်နယ်မှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိလူနာများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို အထောက်အကူ ဖြစ်စေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ သယ်ဆောင်ပေးပို့ လှူဒါန်းလျက်ရှိပြီး အဆိုပါ KHO-30 အမျိုးအစား အောက်ဆီဂျင်စက်သည် တစ်ရက်လျှင် ၄၀ လီတာဆံ့အောက်ဆီဂျင်အိုး ၂၀၀ လုံးကို ထုတ်လုပ်နိုင်မည်ဖြစ်ရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း  လည်ပတ်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒေသကွက်ကဲရေးမှူး ဗိုလ်မှူးကြီးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်များသည် ကုတင် ၁၀၀ တပ်မတော် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအား သွားရောက် ကြည့်ရှုအားပေး၍ အားပေးစကားများပြောကြားပြီး အဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ကျော် ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment