Friday, September 10, 2021

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာရှင်များမှ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း


 

လားရှိုး စက်တင်ဘာ ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာရှင်များမှ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မြို့မကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မြို့မကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ် တရားတော်များ ချီးမြှင့်တော်မူခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရ အဖွဲ့ဝင်များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်တို့ထံမှ အနုမောဒနာ တရားနာယူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယနေ့လှူဒါန်းပွဲတွင် လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၀)ကျောင်းနှင့် သီလရှင်ကျောင်း တိုက်(၈)ကျောင်းအတွက် ဆန်အိတ်(၆၀၀)အိတ်၊ ဆီ(၆၀၀)ပိဿာ၊ ခေါက်ဆွဲခြောက်(၁၅၂)ဖာ၊ ငါးသေတ္တာ (၁၀၀၀)ဗူး၊ ကုလားပဲ(၃၈)အိတ်၊ ဖိနပ်၊ ဆပ်ပြာခဲ၊ ယပ်တောင်နှင့် ကန်တော့ခြင်း စုစုပေါင်း တန်ဖိုးကျပ်သိန်း(၂၁၉၆၀၈၀၀ိ)ကျပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment