ရန်ကုန် စက်တင်ဘာ ၁၁
ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဘဏ်လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပရာ ရန်ကုန်မြို့တော် ဘဏ်လီမိတက် နာယက၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော်ဘဏ်ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ဒါရိုက်တာများ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာများ၊ ဥပဒေအကြံပေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်မြို့တော်ဘဏ်လီမိတက် နာယက၊ ဥက္ကဋ္ဌ(မြို့တော်ဝန်)မှ အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများ၏ ဥပဒေအရ ဘဏ်လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲ၍ လမ်းညွှန်မှုပေး နေပြီး လိုအပ်သော လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဘဏ်လုပ်ငန်းသည် အများပြည်သူ ယုံကြည် အားကိုးမှုရှိမှ တိုးတက်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး မှန်ကန်ရိုးသားစွာဖြင့် သွက်လက်မြန်ဆန်စွာ အများပြည်သူကို ဝန်ဆောင်မှုပေးရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်မင်းက Risk Management (ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု) ဘာသာရပ်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်မိုးက AML / CFL (ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး) ဘာသာရပ်အားလည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်သူများက သိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။
ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂)ရက်တာ ပြုလုပ်မည်ဖြစ်ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာရင်း ကောင်စီ အသိအမှတ်ပြု U Hla Tun & Associates Limited ဒါရိုက်တာ ဦးမောင်မောင်အောင်(CPA)က ဘဏ်၏ ဘဏ္ဍာရေး ရှင်းတမ်းများနှင့် ပတ်သက်၍ အလေးဂရုပြုမည့် အချက်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်များကို လည်းကောင်း၊ Myanmar Payment Union ၏ CEO ဦးဇော်လင်းထွဋ်က Digital Payment in Myanmar ဘာသာရပ်ကိုလည်းကောင်း၊ Global Fintech Company Limited CEO ဦးအောင်ဝင်းမြတ်က YCB Payment Gateway ဘာသာရပ်ကို လည်းကောင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment