Saturday, September 11, 2021

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် အကြမ်းဖက်တရားခံအား ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၁

 

စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်းကျေးရွာနေ ဒေါ်ခင်မာဌေး (၄၀ နှစ်)နှင့် သမီးဖြစ်သူ မစန္ဒီဖြိုးတို့ နှစ်ဦး အိမ်ရှေ့တွင် ထိုင်နေစဉ် တစ်ရွာတည်းနေထိုင်သူ ညီကျော် ၃၀ နှစ်(ဘ)ဦးမြတ်အေး မှ သေနတ် အမျိုးအစား (စိစစ်ဆဲ)ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ပြီး ရွာအရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။


အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးပူးပေါင်းအဖွဲ့ သွားရောက် စစ်ဆေးခဲ့ရာ ၉ မီလီမီတာ ကျည်ခွံ ၂ ခွံ၊ ကျည်ဖူး ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဒေါ်ခင်မာဌေး၏ ဝမ်းဗိုက်၊ ဝဲနံအောက်၊ ဝဲလက်မောင်း တို့တွင် လည်းကောင်း၊ သမီးဖြစ်သူ မစန္ဒီဖြိုးတွင် ယာလက်မောင်းတွင် လည်းကောင်း သေနတ်ဒဏ်များ ရရှိခဲ့သဖြင့် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) သို့ ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်တရားခံ ညီကျော် ၃၀ နှစ်(ဘ)ဦးမြတ်အေးနှင့် သံသယရှိသူတို့ နှစ်ဦးအား ၎င်းတို့ နေအိမ်၌ပင် ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment