Tuesday, September 14, 2021

မိတ္ထီလာမြို့နယ် ဒဟတ္တန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 မိတ္ထီလာ  စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဒဟတ္တန်းကျေးရွာတွင်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၈ သန်းကျော်ဖြင့် စက်ရေ တွင်း တူးဖော်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု ဒဟတ္တန်းကျေးရွာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မူလငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၈.၀၈သန်း ဖြင့် အကျယ် ၄ လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊  ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် အကျယ်  ၅ ပေ ပတ်လည် ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို  တင်ဒါအောင်မြင်သည့် Four G Co;Ltd မှ မေလ ၁၁ ရက်နေ့က စတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ၎င်းကျေးလက်ရေရှိရေး လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါကျေးလက်ရေရရှိရေး လုပ်ငန်းများ ပြီးစီး ပြီဖြစ်၍ ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၇၅၀ကျော်၊ လူဦးရေ ၅၀၀၀ ကျော်တို့၏ သောက်သုံးရေအတွက် ရာသီမရွေး အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း ဒဟတ္တန်းကျေးရွာမှ ကျေးလက်ရေရရှိရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၅.၉၈ သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း၊ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက် ခြင်းလုပ်ငန်း၊ အင်ဂျင်ပန့်တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ၄၀၀ ဗို့(စ်) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို အိုးအိုင်ကုန်း၊ လျှော်ဖြူပင်၊ ဂဠုံကုန်း၊ သဖန်းပင်ရိုး၊ ဒဟတ္တန်း၊ ကန်ကြီးကုန်းကျေးရွာနှင့် သဘွတ်ကုန်းကျေးရွာများတွင်   တင်ဒါအောင်မြင်သည့် Four G Co;Ltd ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)

 

No comments:

Post a Comment