ရန်ကုန် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြို့တော်သန့်ရှင်း သာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်မြို့တော်ဘဏ် လီမိတက် ဘဏ်လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ မအူကုန်းစည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ ရောင်းချနေမှုအား သွားရောက်ကြည့်ရှုစစ် ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗညားဒလလမ်းနှင့် စက်ရုံလမ်း လမ်းဆုံမှ (၁၅)ပေ ခုံးတံတား အောက်ထိစက်ရုံလမ်းတစ်လျှောက် အရှည်ပေ ၁၅၀၀ ရေမြောင်းများအတွင်း အမှိုက်များနှင့် မြောင်း ချေးများ ဆယ်ယူရှင်းလင်းနေမှု၊ စင်္ကြံများရေဆေးနေမှုနှင့်လမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်နေမှုအားလည်းကောင်း၊ ဒဂုံမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၏ ပြည်လမ်း မျက်နှာစာ ခြုံနွယ်နှင့်မြက်များ ရှင်းလင်းနေမှု၊ မြေယာရှု ခင်းပြုပြင်နေမှုတို့အားလည်းကောင်း ကြည့်ရှု စစ်ဆေးကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီခွဲတွင် မြို့တော်ခန်းမ ပထမထပ် အစည်းအဝေး ခန်းမ(၄)၌ ပြုလုပ်သည့် ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဘဏ်လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ အစီအစဉ်သို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)



No comments:
Post a Comment