မင်းဘူး စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ မြို့မဈေးကြီးတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ကုန်မျိုးစုံ ရောင်းဝယ်လျက်ရှိပြီး ယခုလတွင် မင်းဘူးမြို့ရှိ ပွဲရုံများသို့ တစ်နေ့လျှင် ငရုပ်သီးစိမ်း ပိဿာချိန် ၇၀၀၀ ကျော် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် ( ၄ ) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ထံမှ သိရသည်။
“ကျွန်မတို့ ပွဲရုံမှာ ငရုပ်သီးစိမ်း၊ ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ပန်းသီး၊ လိမ္မော်သီးနှင့် နဂါးမောက်သီးများကို နယ်ပယ်မျိုးစုံမှ လာရောက်၍ ရောင်းဝယ် ဖောက်ကားလျက် ရှိပါတယ်။ ငရုပ်သီးစိမ်းကတော့ ကျွန်မ ပွဲရုံတစ်ခုတည်းတင် ပိဿာချိန် ၄၀၀၀ ကျော် ဝင်ရောက်လျက်ရှိပြီး ကျန်ပွဲရုံများနဲ့ဆို ပိဿာချိန် ၇၀၀၀ ကျော်လောက် ဝင်ရောက်နိုင်တယ်’’ဟု အမှတ် ( ၄ ) ပွဲရုံပိုင်ရှင် ဒေါ်လဲ့က ပြောသည်။
ငရုပ်သီးစိမ်းကို မင်းဘူးမြို့ အနေနဲ့ လီမွန်၊ ၆၉၂၊ ဒုံးကျည် ဟူ၍ သုံးမျိုးရှိပြီး ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ် ဒေသများနှင့် ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများမှ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချလျက်ရှိကာ တစ်ပိဿာလျှင် လက်ကားဈေး ၄၅၀/၅၀၀ ကျပ်ဈေးသာ ရှိကြောင်းသိရသည်။
ငရုပ်သီးစိမ်းများကို ပွဲရုံများမှ ပြန်လည်ရောင်းချပါက လက်လီဈေး တစ်ပိဿာလျှင် ၇၀၀ ကျပ်ဈေးနဲ့ လက်ကားဈေး ၆၀၀ ကျပ်ဈေးသာ ရောင်းချရပြီး ရခိုင်ပြည်နယ်မှ စစ်တွေ၊ ကျောက်ဖြူ၊ အမ်းစသော မြို့များသို့ အများဆုံးတင်ပို့ ရောင်းချရကြောင်းလည်း သိရသည်။
ဇေယျာထက် (မင်းဘူး)
No comments:
Post a Comment