အောင်မြင်သည့်ဘဝတစ်ခု တည်ဆောက်ရန်လိုအပ် သောအစိတ်အပိုင်းများစွာ ရှိတတ်ကြပါသည်။ အလုပ်ကြိုးစားခြင်းသည် အောင်မြင်သောဘဝတစ်ခု တည်ဆောက်ရန် သာမန်အားဖြင့် လိုအပ်သော် လည်း ပရော်ဖက်ရှင် (Professionally) အောင်မြင်မှုရရှိရန်နှင့် တစ်ကိုယ်ရေ (Personally) ကျော်ကြား အောင်မြင်ရန်အတွက်မူ အလုပ်ကြိုးစားမှုသာမက ဘဝရည်မှန်းချက်၊ စိတ်အားထက်သန်မှု၊ မိမိကိုယ် မိမိသိရှိနားလည်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း၊ ယုံကြည်မှု၊ မိမိကိုယ်မိမိ စိတ်ဓာတ်မြှင့်တင်မှုတို့လည်း လိုအပ်ပါ၏။ ။
ယင်းလိုအပ်ချက်များစွာတွင် တစ်ဦးချင်း တစ်ယောက်ချင်းအလိုက်၊ အခြေအနေနှင့် အချိန် အခအလိုက် လိုအပ်ချက်ကွဲပြားခြားနားခြင်းများ ရှိတတ်ကြ၏။ ဘဝအောင်မြင်ရေး လိုအပ်ချက်များ မည်သို့ကွဲပြား ခြားနားစေကာမူ ကာယကံရှင်ဖြစ်သည့် မိမိကိုယ်မိမိ သိရှိနားလည်ရေးမှာ အခြေခံလိုအပ်ချက် ဖြစ်ပါသည်။
မိမိကိုယ်မိမိသိရှိခြင်း သို့မဟုတ် နားလည် ခြင်းသည် မိမိ၏စိတ်ခံစားချက်၊ ကိုယ်ပိုင်တန်ဖိုး ထားမှု၊ ရည်မှန်းချက်၊ စိတ်ဝင်စားမှု၊ စိတ်နေစိတ်ထား၊ အရည်အချင်းများ၊ အကျင့်စရိုက်များ၊ မိမိ၏ အားသာချက်၊ အားနည်းချက်များ၊ ကန့်သတ်ချက်များကို ကိုယ်တိုင်သိရှိနားလည်ခြင်း ဖြစ်ပါသည်။ မိမိကိုယ်မိမိ သိရှိနားလည်ခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးသော တွေးခေါ်ပညာရှင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် စိတ်ပညာရှင်များက မိမိကိုယ်မိမိ သိရှိနားလည်ရန် အကြံပေးကြလေ့ ရှိကြပါသည်။ ယင်းတို့အနက် တရုတ်ဒဿန ပညာရှင်လောင်ဇီ Lao Tzu က သူတစ်ပါးကို သိသောသူသည် ပညာရှိ(Wise) ဖြစ်၏။ မိမိကိုယ် မိမိသိသောသူသည် ဉာဏ်အလင်းရသူ (Enlightened) ဖြစ်၏ ဟုဆိုပါသည်။
အပေါ်ယံသိနှင့် နက်နဲသောအသိ
မိမိကိုယ်မိမိ သိနားလည်ခြင်းဟုဆိုလျှင် လူတိုင်းလိုလိုသည် မိမိကိုယ်မိမိ သိသည်ဟု ထင်မြင်ယူဆ တတ်ကြ၏။ နေ့စဉ်ပြုမူနေကြသည့် အကျင့်စရိုက်၊ အပြောအဆို၊ အနေအထိုင်၊ ခံစားချက်တို့ကို အပေါ်ယံအားဖြင့် သိမြင်နားလည်တတ်ကြသော်လည်း ကိုယ့်ကိုယ်ကိုယ် ခြေခြေမြစ်မြစ် သိရှိနားလည်လားဟု ဆန်းစစ်ပါက ဖြေဆိုရန်ခက်လှပါသည်။ မိမိမည်သည့် အစားအစာကို နှစ်သက်သည်၊ မည်သို့အကျင့်စရိုက်၊ မည်သို့အပြုအမူကို နှစ်သက်သည် စသည့် အပေါ်ယံအပြုအမူ၊ အပြောအဆိုနှင့် စရိုက်များကို သတိထားသိမြင်နိုင်သော်လည်း အမှန်တကယ် မိမိ၏သိစိတ်နှင့် မသိစိတ်တွင်း ဖြစ်တည်နေသည့်အခြေအနေ၊ ယင်းအခြေခံ စိတ်ကြောင့်ဖြစ်လာသည့် အတွေး၊ အကြံ၊ အပြော၊ အပြုအမူနှင့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုဂယက်တို့ကို ခွဲခြားသတိမမူမိတတ်ကြချေ။
မိမိကိုယ်မိမိ အပေါ်ယံသိမှုနှင့် အခြေခံကျကျသိမှု ကွာခြားခြင်းကြောင့် အကျိုးဆက်မှာ ကိုယ်တိုင် ရပ်တည်နိုင်ခြင်း၊ မရပ်တည်နိုင်ခြင်းနှင့် သူတစ်ပါး သို့မဟုတ် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုခံရခြင်း၊ မခံရခြင်းတို့ ကွာခြားနိုင်ပါသည်။ In order to be yourself, you have to know yourself. Quempus တိုင်ဖြစ်ရန် သင့်ကိုယ်သင် သိရန်လိုအပ်သည်ဟု ဗြိတိန်နိုင်ငံမှ ဘဝလမ်းညွှန်ဆရာ Dr.Mariette Jansen က ဆိုသည်။ မိမိကိုယ်မိမိ ပိုမိုသိရှိ နားလည်လာခြင်းကြောင့် လွတ်လပ်မှု၊ ယုံကြည်မှုတို့လည်း ပိုမိုရရှိလာမည်ဖြစ်သည်။
လျှော့ပေါ့စဉ်းစားတတ်ကြ
လူ့သဘောသဘာဝအားဖြင့် လူဆိုသည်မှာ မိမိအတွေးအကြံ၊ အပြောအဆို၊ အပြုအမူတို့ကို မှန်ကန်သည်ဟု ယူဆတတ်ကြ၏။ ယင်းယူဆချက်သည် မှန်ကန်သည်လည်း ဖြစ်နိုင်သကဲ့သို့ မှားကောင်းလည်း မှားနိုင်ပါသည်။ မိမိယူဆချက် မှန်သည်၊ မှားသည်ကို ပတ်ဝန်းကျင်က သိရှိနားလည်ရန်ထက် ဦးစွာ မိမိကိုယ်မိမိသိရှိရန် လိုအပ်ပါသည်။ သို့မှသာ မိမိကိုယ်မိမိ တည့်မတ်နိုင်မည် ဖြစ်ပါသည်။ သို့သော် မိမိတို့သည် မိမိကိုယ်မိမိ ဆင်ခြင်ရန်နှင့် သိရှိနားလည်ရန် ကြိုးစားရာတွင် ကိုယ့်ကိုယ်ကိုယ်အတွက်မူ သက်သက်ညှာညှာ၊ လျှော့လျှော့ပေါ့ပေါ့ အပေါ်ယံသာ စဉ်းစားသုံးသပ်လေ့ ရှိတတ်ကြ၏။ ကြက်မွေးနုနုဖြင့် သုံးသပ်သည်ဟု ဆိုကြသည်။ သူတစ်ပါးကိုမူ သံဘရပ်နှင့် ခပ်ကြမ်းကြမ်း သုံးသပ်တတ်ကြ၏။
ထို့ပြင် အချို့သည် လျှော့ပေါ့စဉ်းစားတတ်ကြသကဲ့သို့ အချို့သည် ရှိသည်ထက် မိမိကိုယ်မိမိ အထင်ကြီးလွန်းခြင်း၊ သူတစ်ပါးအား အထင်သေးခြင်း၊ သိရှိမှုအမှတ်မှားခြင်း၊ အတ္တလွန်ကဲခြင်း၊ ပတ်ဝန်းကျင်လွှမ်းမိုးခြင်းတို့ကြောင့် မိမိကိုယ်မိမိ အမှန်မြင်ရန်ခက်ခဲတတ်ကြ၏။ မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်မှု ကွာခြားသွားသည်နှင့် သိရှိနားလည်ရာတွင်လည်း အပေါ်ယံသိ၊ နက်နက်နဲနဲ သိနှင့် လွဲမှားအသိ များအဖြစ် ကွာခြားသွားတတ်ကြ၏။ လူတစ်ဦးနှင့် တစ်ဦးအကြား ပညာအခြေခံနှင့် ပညာအသုံးချနိုင်စွမ်း၊ အတွေ့အကြုံ၊ လောဘ၊ ဒေါသ၊ မောဟ၊ ယုံကြည်မှု လွန်ကဲခြင်း၊ သူတစ်ပါးအပေါ် အထင်အမြင်သေးခြင်းတို့ကဲ့သို့သော စိတ်အခြေခံများ ကွာခြားချက်များသည် မိမိကိုယ်မိမိ သိရှိနားလည်ရေးအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုး သက်ရောက်နေသည့် အရင်းခံအကြောင်းတရားများအဖြစ် တွေ့ရတတ်သည်။ ။
မိမိတို့ ဖြတ်သန်းကျင်လည်ခဲ့ကြသည့် ဘဝတစ်လျှောက်တွင် မိမိကိုယ်မိမိ သိရှိနားလည်မှု အားနည်းခဲ့ခြင်းကြောင့် ဘဝဆိုင်ရာဆုံးဖြတ်ချက်များနှင့် နေ့စဉ်ကျင်လည်ရာ အခြေအနေများ တွင် ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ ဘဝရည်မှန်းချက် လွဲချော်ခြင်း၊ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှု ခံရခြင်း၊ တွေဝေမှု၊ စိတ်ဖိစီးမှုတို့ အနည်းနှင့်အများ တွေ့ကြုံ ခံစားဖူးတတ်ကြပါသည်။ ထိုအတွေ့အကြုံ များသည် မိမိကိုယ်မိမိ ပိုမိုသိရှိနားလည်လာသည့်အခါဖြစ်စေ၊ ဘဝရင့်ကျက် လာသည့်အခါဖြစ်စေ ယခင်က ပြုမူလုပ်ကိုင်ခဲ့မှုများနှင့် ပတ်သက်၍ အမှား၊ အမှန် ပိုမိုခွဲခြား သိမြင်လာတတ်ကြပါသည်။ ထိုသိမြင်မှု နောက်ကျခြင်းများကြောင့် ဘဝတွင်ပြင်ဆင်ရန် ခက်ခဲမှုများနှင့် ကြုံတွေ့ကြရတတ် ပါသည်။
မြင်အောင်ကြည့်ဖို့
စိတ်သဘောထား ကြမ်းတမ်းနေသူ တစ်ယောက်အား မျက်မြင်အားဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ပတ်ဝန်းကျင်မှဖြစ်စေ ကြမ်းတမ်းသည့် လက္ခဏာကို သိမြင်နိုင်သော်လည်း မည်သည့် အတွက်ကြောင့် စိတ်သဘောထားကြမ်းရသည် ဆိုသည့် အကြောင်းရင်းကိုမူ သတိမမူမိတတ်ကြချေ။ စိတ်သဘောထား ကြမ်းတမ်းလာစေရန် ဘယ်အရာက စေ့ဆော်တိုက်တွန်းနေသလဲ၊ မိမိရဲ့ ပင်ကိုစရိုက်ဗီဇကြောင့်လား၊ ပတ်ဝန်းကျင်ရိုက်ခတ်မှု ဒဏ်ကြောင့်လား၊ ခံစားချက် စိတ်ဒဏ်ရာများကြောင့်လား စသည်ဖြင့် အဖြေရှာခြင်းဖြင့် မိမိကိုယ် မိမိနားလည်မှု ပိုမိုတိုးတက်စေပြီး မိမိကိုယ်မိမိ တည့်မတ်နိုင်မည် ဖြစ်ပါသည်။ ။
မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအရ စိတ်ကိုမှီတွယ်၍ စိတ်ကိုခြယ်လှယ်တတ်သည့်သဘောကို စေတသိက် ဟုခေါ်ပါသည်။ စေတသိက် စုစုပေါင်း ၅၂ ခုရှိကြောင်း ပြဆိုထားပါသည်။ မိမိသန္တာန်တွင် ဖြစ်နေသည့် ကောင်းစိတ်၊ မကောင်းစိတ်၊ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်များဖြစ်စေသည့် စေတသိက်များကို မြင်အောင်ဆင်ခြင် ကြည့်ရှုခြင်းဖြင့် မိမိကိုယ်မိမိ ပိုမိုနားလည်နိုင်မည် ဖြစ်ပါသည်။
လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ ပြဿနာတစ်ခုကိုဖြစ်စေ၊ မိမိခံစားချက်၊ လုပ်ဆောင်ချက် တစ်ခုကိုဖြစ်စေ ရှုမြင်သုံးသပ်ဆုံးဖြတ်ရာတွင် မိမိကိုယ်တိုင်၏တန်ဖိုး၊ ရပ်တည်ချက်၊ ခံစားချက်၊ စေတနာ၊ ရည်မှန်းချက်စသည့် ကိုယ်တိုင်သိမှုသည် များစွာအရေးပါပါသည်။ မိမိ၏ ရပ်တည်ချက်၊ ရှုမြင် ချက်သည် အပြုသဘောလား၊ အပျက်သဘောလား၊ အကောင်းမြင်လား၊ အပျက်မြင်လား၊ ကုသိုလ်လား၊ အကုသိုလ်လား စသဖြင့် ပိုင်းခြားသိရှိပြီး ယင်းအပြုအမူ၊ အပြောအဆို၊ အတွေးအခေါ် တို့သည် မိမိ၏ ကိုယ်ပိုင်ခံယူချက်လား၊ ပတ်ဝန်းကျင်၏လွှမ်းမိုးမှု
ကြောင့်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ခြင်းမှတစ်ဆင့် မိမိ၏အခြေအနေကို ပိုမိုနားလည်သိရှိလာပြီး ဟန်ချက်ညီသောဘဝ နေနည်း တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ။
ယောနိသောမနသီကာရ
မိမိကိုယ်ကို သိရှိနားလည်ကြိုးပမ်းမှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာတွင် သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါးထဲမှ တစ်ပါးဖြစ်သော ယောနိသောမနသီကာရ ရုပ်နာမ်တရားတို့၌ မှန်ကန် တည့်မတ်စွာ နှလုံးသွင်းမှုဟု ဆိုပါသည်။ ။
ငါပြုပြီး၊ ပြောပြီး၊ ကြံပြီးဖြစ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံအမှုဟာ ဆင်းရဲပွားကြောင်း၊ မကောင်းမှု၊ အကုသိုလ်များဖြစ်သလား၊ သုခပွားကြောင်း ကောင်းမှုကုသိုလ်များ ဖြစ်သလားလို့ စဉ်းစား။ အကယ်၍ စဉ်းစားလို့ ဒုက္ခပွားကြောင်း မကောင်းမှုအကုသိုလ်များဖြစ်ရင် နောက်ဘယ်တော့မှ မပြုဖြစ်အောင် တစ်ခါတည်း အာယတိသံဝရစိတ်ကို မွေးမြူလိုက်။ အကယ်၍များ မိမိပြုပြီး၊ ပြောပြီး၊ ကြံပြီးတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံမှုဟာ ပစ္စဝေက္ခဏာတင် ဆင်ခြင်စဉ်းစားလို့ မိမိသူတစ်ပါး နှစ်ဦးသား ချမ်းသာဖို့ဖြစ်တယ်။ ချမ်းသာပွားတိုး ကုသိုလ်မျိုး ဖြစ်တယ်ဆိုရင် အဲဒီမိမိပြုခဲ့၊ ပြောခဲ့။ ကြံခဲ့တဲ့ ကုသိုလ်ကိုပင်လျှင် ထပ်တလဲလဲအောက်မေ့ ပြီးတော့ ဝမ်းသာနေလို့ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးက ဟောတော်မူခဲ့ပါသည်။ မိမိ၏ ရုပ်တရားနာမ်တရားများကို အာရုံစိုက်၍ မှန်ကန်တည့်မတ်စွာ နှလုံးသွင်းမှု သတိပြု ဆင်ခြင်ခြင်းဖြင့် လူမှုဘဝဆက်ဆံရေး၊ နေထိုင်ရေးအစ ဘဝရည်မှန်းချက်များလည်း တိုးတက်ရရှိလာမည် ဖြစ်ပါသည်။
အကျိုးကျေးဇူး
မိမိကိုယ်မိမိ ပိုမိုသိရှိနားလည်လာသည်နှင့်အတူ မိမိဘယ်လိုလူမျိုးဖြစ်ကြောင်း ဖော်ပြနိုင် သဖြင့် ပိုမိုပျော်ရွှင်မှုရရှိစေခြင်း၊ မိမိ၏စိတ်တွင် ဖြစ်တတ်သည့် ပဋိပက္ခများ၊ ဖိအားများ လျှော့ချနိုင် ခြင်း၊ ဆုံးဖြတ်ချက်များကို ပိုမိုမှန်ကန်စွာချမှတ်နိုင်ခြင်း၊ မိမိကိုယ်မိမိ ထိန်းချုပ်လာနိုင်ခြင်း၊ ပတ်ဝန်းကျင်၏ ဖိအားများကို ခံနိုင်ရည်ရှိခြင်း၊ အခြားသူများအပေါ် စိတ်ရှည်သီးခံလာနိုင်ခြင်းနှင့် နားလည်မှုပေး နိုင်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု၊ တက်ကြွမှုနှင့် ပျော်ရွှင်မှုရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ မိမိကိုယ်မိမိ သိရှိ နားလည်ခြင်းသည် ပညာဉာဏ်အားလုံး၏ အစဖြစ်သည့် (Knowing yourself is the beginning of all wisdom)ဟု အရစ္စတိုတယ်က ပြောခဲ့ဖူးပါသည်။ မိမိကိုယ်မိမိ သိရှိနားလည်ခြင်းဖြင့် မိမိအပေါ် စိတ်ပိုင်းရုပ်ပိုင်း အကျိုးသက်ရောက်စေမည့် အကြောင်းတရားများကို သတိပြုဆင်ခြင် နိုင်မည်ဖြစ်သဖြင့် မိမိတို့သည် ကိုယ်တိုင်ဘဝအတွက်ဖြစ်စေ ပရော်ဖက်ရှင်နယ် ဘဝအတွက်ဖြစ်စေ မျှတသောဘဝကို ထိန်းသိမ်းတည်ဆောက် နိုင်မည် ဖြစ်ပါသည်။
နှစ်ဖြာသောအကျိုးဖြစ်စေ
လူတစ်ဦးချင်းစီတိုင်းတွင် ကိုယ်တိုင်အခက် အခဲများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများအပြင် ပတ်ဝန်းကျင်တွင် ဖြစ်တည်နေသည့် ပဋိပက္ခများ၊ အကျပ်အတည်းများကြောင့် မိမိအပေါ် ရိုက်ခတ် လာတတ်သည့် ဂယက်များကို ရင်ဆိုင်ကြရာတွင် မှန်ကန်သော ဆုံးဖြတ်ချက်၊ တုံ့ပြန်မှုနှင့် ဖြေရှင်းမှုတို့ လိုအပ်ပါ၏။ ယင်းသို့ မှန်ကန်စွာ တုံ့ပြန်နိုင်မှုသည်ပင် မိမိအကျိုး၊ အများအကျိုး နှစ်ဖြာသော ကောင်းကျိုးကို ရရှိနိုင်မည်ဖြစ်သည်။ မိမိကိုယ်မိမိပင် မသိရှိနား မလည်နိုင်ပါက နေ့စဉ်ဘဝဆုံးဖြတ် ချက်များချမှတ်ရာတွင်လည်းကောင်း၊ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးတွင်လည်းကောင်း၊ ဘဝနေထိုင် နည်း၊ ဘဝတိုးတက်ရေး တည်ဆောက်ရာတွင် လည်းကောင်း တည့်မတ်မှန်ကန်စွာ ရှုမြင်ဆုံးဖြတ်ရန် ခက်ခဲခြင်း၊ မှားယွင်းခြင်းတို့ ရင်ဆိုင်ရတတ်ပါသည်။
မိမိကိုယ်မိမိ ပိုမိုသိရှိနားလည်ခြင်းဖြင့် မိမိနှင့်အပ်စပ်သည်များ၊ မအပ်စပ်သည်များ၊ အံဝင်ခွင်ကျ ဖြစ်သည်များ၊ အံဝင်ခွင်ကျမဖြစ်သည်များ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ လုပ်သင့်သည်၊ မလုပ်သင့် သည်များ ခွဲခြားသိမြင်လာခြင်းကြောင့် မိမိအကျိုး၊ အများအကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိကိုယ်မိမိ သိရှိနားလည်မှုသည် တစ်ဦးချင်းအကျိုးမှသည် အများအကျိုးထိတိုင် အကျိုးသက်ရောက်နေပါသည်။
ကိုးကား
၁။ https://www.mvorganizing.org/whatare-the-benefits-of-knowing-yourself/
၂။ https://www.lifecoach-directory.org. uk/memberarticles/three-main-reasonswhy-it-is-helpful-to-know-yourself
၃။ https://www.psychologytoday.com/us/ blog/changepower/201603/know-yourself6- specific-ways-know-who-you-are
၄။ လယ်တီဒီပနီပေါင်းချုပ်၊ ပထမတွဲ
သိန်းထွန်း(IR)
No comments:
Post a Comment