Friday, September 10, 2021

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူ - မင်းဘူးသွားကားလမ်းတွင် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား


 ပွင့်ဖြူ       စက်တင်ဘာ         ၁၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ည ၈ နာရီဝန်းကျင်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူ - မင်းဘူးသွားကားလမ်းတွင် သစ်ပင်များ လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူ - မင်းဘူးသွားကားလမ်း မိုင်တိုင်အမှတ် (၂၀/၂)တွင် ကင်ပွန်း ခါးပင် လုံးပတ်(၂)ပေခန့် ၊ ကံသာကြီးကျေးရွာအနီး မိုင်တိုင်အမှတ်(၁၉/၆)တွင် စိန်ပန်းပင် လုံးပတ်(၂)ပေခွဲခန့် ၊ လယ်ဖီလာကျေးရွာအနီးတွင် ရှားပင် လုံးပတ်(၁)ပေခန့် ၊ လယ်ကိုင်းကျေးရွာအနီးတွင် အော်ရေးရှားပင် လုံးပတ်(၃)ပေခန့် (၃)ပင် ၊ မဲဇလီပင် လုံးပတ်(၁)ပေခွဲခန့် ၊ ကင်ပွန်းခါးပင် လုံးပတ်(၂)ပေခွဲခန့် နှင့် လုံးပတ်(၃)ပေခန့် သစ်ပင်များ အသီးသီး လဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကားလမ်းမပေါ် သစ်ပင်များလဲကျပိတ်ဆို့နေမှုအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်နှင့် ခရီးကြန့်ကြာမှု မဖြစ်စေရေးအတွက် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန ယာယီမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ခိုင် ဦးဆောင်သော သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ ဝင်များက လယ်ကိုင်းနယ်မြေရဲစခန်းရှိ တပ်ဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ချက်ချင်းသွားရောက် ကူညီ ရှင်းလင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment