ပဲခူး စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအတွင်း နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက် လျက်ရှိသဖြင့် စိုက်ပျိုးရေအပြည့်အဝ ရရှိစေရေးအတွက် ဆည်/တမံများ၌ မိုးရေများ ပြည့်မီသိုလှောင် ထားရန်၊ ရေပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လက်တံရေပေး တူးမြောင်းများ ပြန်လည် ပြုပြင်မွန်းမံခြင်းနှင့် ကြံ့ခိုင်မှုများစစ်ဆေးခြင်းတို့ကို တာဝန်ရှိသူများက
ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ရေရရှိနိုင်သည့် အရင်းအမြစ်များအားရှာဖွေ၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ရန်လိုကြောင်း၊ နွေစပါးစိုက်ပျိုးချိန်မီ မျိုးကောင်း မျိုးသန့်များ ရရှိစေရေးနှင့် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်း စနစ်များကို တောင်သူများသိရှိနိုင်ရန် ဆောင်ရွက်ပေး သွားကြရမည်ဖြစ်ကြောင်း၊ သောက်သုံးရေရှားပါးသည့် ဒေသများ၌ စက်ရေတွင်းများ၊ ရေကန်များ တူးဖော်ပေးနိုင်ရေး ကြိုတင်လျာထားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ထို့နောက် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment