Wednesday, September 15, 2021

ပွေးတောင် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံကို ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ကော်ဖီနှင့် ပတ်သက်သည့် လေ့လာနိုင်ရေးအတွက် Onestop Service ပေးနိုင်ရေး တိုးချဲ့ဆောင်ရွက် သွားမည်

နေပြည်တော် စက်တင်ဘာ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဒိုးကွင်ဥယျာဉ်ခြံသို့ ရောက်ရှိကြပြီး ဆေးဖက်ဝင်သစ်ခွများ မျိုးထိန်းမျိုးပွား ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဟင်းသီး ဟင်းရွက် မျိုးစေ့စိုက်ပျိုး ထုတ်လုပ်ခြင်း၊ သုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊ အဆင့်မြင့် စိုက်ပျိုးနည်းစနစ် ပြန့်ပွား ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဒိုးကွင်ဥယျာဉ်ခြံတွင် လက်ရှိ စိုက်ပျိုး ထိန်းသိမ်းထားသော ဆေးဘက်ဝင်သစ်ခွမျိုးများကို ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်တွင် စုဆောင်း ထားရှိသော သစ်ခွများနှင့် မျိုးဖလှယ်ရေး၊ ဒေသသစ်ခွနှင့် ဆေးဘက်ဝင် သစ်ခွမျိုးများ မျိုးသန့်ပွား များ ထုတ်လုပ်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ပွေးတောင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံသို့ ရောက်ရှိကြ ပြီး မြန်မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုးသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များအားတွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပွေးတောင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံအနေဖြင့် ကော်ဖီ သီးနှံစိုက်ပျိုးထုတ်လုပ်သူများ သိရှိလိုသည့် နည်းပညာပေး လုပ်ငန်းများ Onestop Service ပေးနိုင်ရေးကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ပြု ထားသည့် သစ်တောဧရိယာများတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ် ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေး မှာကြားကြသည်။

၁၉၅၃ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် ပွေးတောင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံတွင် ကော်ဖီ သုတေသနနှင့် ကော်ဖီမျိုးထိန်း မျိုးပွားခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကော်ဖီသီးနှံနှင့် ပတ်သက်၍  ပြည်သူများ တစ်နေရာတည်းတွင် လေ့လာနိုင်ကြရန် လိုအပ်သော ပြုပြင်မွမ်းမံခြင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ပြင်ဦးလွင်မြို့နယ်  ဆင်လမ်းကျေးရွာအနီးတွင် တည်ဆောက်ထားရှိသည့် ဆင်လမ်းရေလှောင်တမံသို့ ရောက်ရှိကြပြီး ဆည်ရေ ဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေသိုလှောင်ထိန်းသိမ်းထားရှိမှုများကိုလည်းကောင်း၊ ပြင်ဦးလွင်ရှိ ပြည်သူများ အတွက် နေ့စဉ်သောက်သုံးရေများကို ဖြန့်ဝေပေးနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ပြင်ဦးလွင် မြို့ရေပေးရေးအတွက် နေ့စဉ် ရေဂါလန် (၁ ဒဒသမ ၅)သန်း ဖြန့်ဝေပေးလျက် ရှိသည့် ဆင်လမ်းရေလှောင်တမံ ကို တမံအမြင့်(၆)ပေ မြှင့်တင်တည်ဆောက်နိုင်ခဲ့သဖြင့်  နေ့စဉ် ရေဂါလန် (၂ ဒသမ ၅)သန်း အထိ တိုးမြှင့်ဖြန့်ဝေ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment