Friday, September 10, 2021

လားရှိုးမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်



လားရှိုး စက်တင်ဘာ ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယမန်နံနက် ၉ နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမြို့နယ်များ အပြင်မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်များမှ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၄၉၁) ကတ်ကိုပြည်သူများ လက်ဝယ်အရောက် ပေးအပ်ပွဲဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှပြည်သူများအတွက် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးရေး ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ စီမံချက်ကြီးတစ်ခုဖြစ်သလို ပြည်သူလူထုများအတွက် အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည့် ပြည်သူ့အကျိုးပြု စီမံချက်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး တာဝန်ယူပြီး မိမိတို့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်များတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်မေလ(၉)ရက်နေ့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း (၁၄၂၁)ကတ်၊ မေလ(၂၄)ရက်နေ့တွင်(၁၄၂၇)ကတ်၊ ဇွန်လ(၁၄)ရက်နေ့ တွင်(၂၆၉၈)ကတ်၊ ယခုစက်တင်ဘာလ(၉)ရက်နေ့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပေါင်း(၃၄၉၁)ကတ်၊ စုစုပေါင်း (၉၀၃၇)ကတ်ကိုပေး အပ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် ပြည်သူလူထုကို အကျိုးပြု ဆောင်ရွက်ပေးနေသည့် နိုင်ငံတော်၏ စီမံချက်ဖြစ်သည် ပန်းခင်းစီမံချက်၏ဆောင်ပုဒ်မှာ လူမှုဘဝပြည်စုံစို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဖော်ပြထားသည့်အတွက် ပြည်သူများအားလုံး၊ ဌာနဆိုင်ရာများ အားလုံး၊ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ရာ တန့်ယန်းမြို့နယ် လွယ်ပန်ကျေးရွာနေ ပလောင်တိုင်းရင်းသားများနှင့် နမ့်ဖလင်းကျေးရွာနေ `ဝ´ တိုင်းရင်းသားများတို့ကိုပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာရွာမှ ရှမ်းတိုင်းရင်းသား၊ သိန္နီမြို့နယ်နောင် ညောင်ကောင်းဆာခမရ တိုင်းရင်းသားများ၊ လားရှိုးမြို့နယ် ရပ်ကွက်(၁)၊ ရပ်ကွက်(၉)၊ ရပ်ကွက်(၄)၊ ရပ်ကွက်(၁၀)၊ ရပ်ကွက်(၁၁)(၁၂)ရှိ၊ တိုင်းရင်းသားများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်၍လည်းကောင်း၊ တဆရ(၉/၁၀)လားရှိုး၊ ပလောင်တိုင်းရင်းသား၊ နမ့်ပေါင်းရပ်ကွက်ရှိ ကချင်တိုင်းရင်းသားများ၊ မိုင်းရယ်ရှိ ရှမ်းတိုင်းရင်းသားများ၊ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု၊ နမ့်ပူကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာအုပ်စု ဆုံကွယ် ကျေးရွာအုပ်စုမှ တိုင်းရင်းသားများ၊ ကွတ်ခိုင်မြို့နယ် မုန်းဝန်းတိုင်းရင်းသားများ၊ ပလောင်တိုင်းရင်းသားများ၊ မန်ကျယ်ကျေးရွာအုပ်စုမှ ကချင်တိုင်းရင်းသားများ၊ လားရှိုးမြို့နယ် ရမခနှင့် လက်အောက်ခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မိုင်းရယ်မြို့နယ်ရှိ ဗမာတိုင်းရင်းသားများ၊ တန့်ယန်းမြို့နယ်ရှိ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ကွမ်းလုံမြို့နယ်ရှိ `ဝ´တိုင်းရင်းသားများတို့အား `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးဥက္ကဋ္ဌ၊ ပင်လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်လားရှိုးမြို့နယ် နောင်ရုန်းရပ်ကွက်တွင် တောင်သူ ဦးလှသိန်းစိုက်ပျိုးသော အစေ့ထုတ်ပြောင်း သိပ္ပံနည်းကျ စံပြကွက်အားပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာကျော်ထွန်းက ကွင်းဆင်းကြည့်ရှုရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြားပြီး ရိုးမရတနာ ဥစားကြက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုရာ ခြံပိုင်ရှင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ကြက်ခြံအတွင်း လှည့်လည်ကြည့်ရှု ကြသည်။ အဆိုပါ ရိုးမရတနာ ဥစားကြက်ခြံတွင် ကြက်ကောင်ရေ(၃)သောင်းခန့် ထည့်သွင်းမွေးမြူထားပြီး (၁)ရက်လျှင် ကြက်ဥလုံးရေ (၂)သောင်းခွဲလုံးခန့် ထွက်ရှိကာကြက်ဥများကို (၁)လုံးကို(၁၀၀)ကျပ်ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခမ်းရွှေကုမ္ပဏီ ယုံခမ်းတိရစ္ဆာန်အစာ ထုတ်လုပ်ရေး စက်ရုံသို့သွားရောက် ကြည့်ရှုကြကြောင်းနှင့် မယ်ဟန်ကျေးရွာအုပ်စုရှိ ရတနာ့ဂုဏ်ရည် ကျောင်းတိုက်သို့ သွားရောက်ကာ ယောဆရာတော်ဦး ဝိလသအားသာသနာရေးဆိုင်ရာ လိုအပ်သည်များ လျှောက်ထားပြီး ဝါတွင်းကာလ ဆွမ်းဆန်တော်များ အခက်အခဲမရှိစေရန် လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော်၊ ဆီများတို့ကို ဆရာတော်ထံ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆက်ကပ်လှူဒါန်းပေးပြီး ဘုန်းတော်ကြီးကျောင်းရှိဓမ္မ စကူးတက်ရောက်မည့် ကျောင်းသားများအတွက် အားကစားပစ္စည်းများလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် မယ်ဟန်ကျေးရွာအုပ်စု ရတနာဂုဏ်ရည် ကျောင်းတိုက်ရှိ ဝါဆို ရဟန်းသံဃာတော် အပါး(၁၀၀)နှင့် ကျေးရွာရှိ အိမ်ခြေ (၅၃၅) အိမ်အတွက် သောက်သုံးရေ ဖူလုံစွာရရှိရေးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လူဒါန်းပေးခဲ့ပြီး  ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သောက်သုံးရေကန်အား သွားရောက်ကြည့်ရူစစ်ဆေးကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာ့သနာ(၂၅၀၀) ပြည်လုံးချမ်းသာ ဘုရားကြီး ကျောင်းတိုက်သို့ သွားရောက်၍ ပြည်နယ် သံဃာ့ဝန်ဆောင် ဦးကေသရအား သွားရောက်ဖူးမျှော်ကာ ဆွမ်းဆန်တော်၊ ဆီနှင့်ဝတ္ထုငွေ(၅)သိန်း လှူဒါန်းပေးခဲ့ကြပြီး၊ လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်သို့ သွားရောက်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း (၁၀၀) ကို မန်ဆူဆရာတော်ထံ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆက်ကပ်လှူဒါန်း ပေးခဲ့ကြပြီးနောက် နိုင်ငံတော်သြဝါဒစရိယ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ပြည်နယ်၊ မြို့နယ် သံဃာဆရာတော်ကြီးများအား အမှူးထား၍ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာရှင် ဒါယကာ၊ ဒါယိကာမများမှ ဆရာတော် သံဃာတော်၊ သီလရှင်များအတွက် ဒုတိယအကြိမ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများတို့က နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ မြို့မကျောင်း ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် တရားတော် ချီးမြှင့်တော်မူကာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူးချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းပေးကြကာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ မြို့မကျောင်း ဆရာတော်ထံ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို " ဗုဒ္ဓသာသနံ စိရံတိဋတု" သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော် (၇၀) အိတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌမှ လက်ခံရယူကြောင်း သိရသည်။

အင်းသားလေး (တောင်ကြီး)

No comments:

Post a Comment