နေပြည်တော် စက်တင်ဘာ ၉
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍက ပါဝင်နေကြသည့် မိမိတို့ ဝန်ကြီးဌာန၊ နေပြည်တော်တိုင်းဒေသကြီး ပြည်နယ်တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ဒေသရှိ အဓိက စိုက်ပျိုးရေး ထွက်ကုန်တစ်ခုချင်းစီ၏ တန်ဖိုးကွင်းဆက် တစ်လျှောက်ကို ထဲထဲဝင်ဝင်သိရှိပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူတစ်ဦးချင်းနှင့် စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် ဈေးကွက်က လက်ခံသည့် စံချိန်စံညွှန်းများ ပြည့်မီသော အရည်အသွေးကောင်း ထုတ်ကုန်များ ဖြစ်စေရေးအတွက် နည်းပညာများ အပြင် အသိပညာများဖြန့်ဝေ ပေးနိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ယနေ့ ပြုလုပ်သည့် စိုက်ပျိုးရေးထွက်ကုန်များ၏ တန်ဖိုး ကွင်းဆက် မြှင့်တင်ရေးနှင့် တောင်သူတစ်ဦးချင်း စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်မှု စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေး ပြောကြားသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ဖြတ်ကျော် ကာလတွင် ကမ္ဘာ့နိုင်ငံတိုင်းက မိမိနိုင်ငံ အသီးသီး၏ စားနပ်ရိက္ခာ လုံလောက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေး လုပ်ကိုင် လာကြသဖြင့် စိုက်ပျိုးရေး သွင်းအားစုများ၏ ဈေးနှုန်းများ မြင့်တက်လာလျက်ရှိရာ ဓါတ်မြေဩဇာများ အလေအလွင့်မရှိ အထိရောက်ဆုံးသုံးစွဲနိုင်ရေး နည်းလမ်းများ၊ သဘာဝမြေဩဇာနှင့်ရောစပ်၍ ကုန်ကျစရိတ်သက်သာစွာ အသုံးပြုနိုင်ရေးနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နည်းပညာနှင့်အသိပညာ ပြန့်ပွားရေး ဆောင်ရွက်နေမှုများ၊ မျိုးစေ့ဖူလုံရေးနှင့် ဓါတ်မြေဩဇာ သွင်းအာစုများ အလေအလွင့်မရှိ ထိရောက်စွာ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် နှောင့်နှေးကြန့်ကြာမှု မရှိ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုး ရေး ထွက်ကုန်များ၏ တန်ဖိုးကွင်းဆက်မြှင့်တင်ရေးနှင့် တောင်သူတစ်ဦးချင်း စိုက်ပျိုးမြေ တစ်ဧကချင်း၏ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြသည်။
COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ ဈေးကွက်ဈေးနှုန်း ပြောင်းလဲလာမှုကြောင့် ပုံမှန်လည်ပတ်ရောင်းဝယ်ဖောက်ကားမှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်ရေးတို့တွင် ပြည်တွင်း၊ ပြည်ပဈေးကွက် လိုအပ်ချက် သတင်းအချက်အလက်များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှ ကြိုတင်သိ ရှိနိုင်ရေးအတွက် ရာသီချိန်အလိုက် သီးနှံထွက်ရှိမှု၊ ဈေးကွက် တင်ပို့မှုဆိုင်ရာ မှတ်တမ်း များ ဆောင်ရွက်ထားရှိပြီး ရေတို၊ ရေရှည် သီးနှံဈေးကွက်ဆိုင်ရာ နည်းဗျူဟာများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြတ်ကျော်ခဲ့သော်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု စွမ်းအားလျော့ကျမှုမရှိစေရန် တောင်သူလယ်သမားများ ကြိုးပမ်းအားထုတ် နိုင်ခဲ့ကြသဖြင့် နိုင်ငံတစ်ဝန်း၌ ဩဂုတ်လကုန် အထိ မိုးစပါး စိုက်ဧရိယာ ရည်မှန်းချက်၏ ၉၃ ရာခိုင်နှုန်း ၊ အစေ့ထုတ်ပြောင်း ၁၀၈ ရာခိုင်နှုန်း ၊ ဆီထွက်သီးနှံ ၉၄ ရာခိုင်နှုန်း၊ ပဲမျိုးစုံ ၈၀ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment