ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်က နှောင့်နှေးမှု မရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိကာလတွင် အခက်အခဲအမျိုးမျိုး၊ ဖိအားအမျိုးမျိုး၊ အနှောင့်အယှက်အမျိုးမျိုးကြားတွင် နိုင်ငံ့အရေး၊ အမျိုးသားအရေး အကျိုးစီးပွား တို့ကို ဆောင်ရွက် ပေးရေးတို့တွင် အပြောမဟုတ် အလုပ်နှင့် လက်တွေ့ကျကျလုပ်ကိုင်ကြ၍ တိုးတက်မှုများရနေသည်။ ရှေ့အဖို့ နိုင်ငံ့အရေး၊ အမျိုးသားအရေးတို့ကို ပိုမိုစွမ်းဆောင်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်။
နိုင်ငံသာယာဝပြောစေရန်အတွက် စီးပွားရေးကောင်းမွန်ရန် အလုပ်လုပ်နိုင်ရန် လိုအပ်သည်။ အလုပ် လုပ်နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်နေရန် လိုအပ်သည်။ ကျန်းမာရေး ကောင်းမွန်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုသည်။ ကိုဗစ်-၁၉ ကင်းဝေးမှ အလုပ်လုပ်နိုင်မည်၊ စီးပွားရှာနိုင်မည်၊ ပညာရှာနိုင်မည်၊ တရားရှာနိုင်မည်။ လူမှုဘဝ ပုံမှန်လည်ပတ်ကာ သာယာဝပြောမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ကိုဗစ်-၁၉ ရောဂါ ကင်းဝေးရေး ကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသည်။ ပြည်သူများကလည်း ကျန်းမာရေး၊ ရောဂါ ကင်းဝေး ရေးအတွက် ပူးပေါင်းပါဝင်လာကြသည်။ ရောဂါကင်းဝေးရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းသည် အရေးပါကြောင်း သိနားလည် လာကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် အခြားဆေးပစ္စည်းများ ဝယ်ယူမှုနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁၆၉ သန်း အကုန်အကျခံဝယ်ယူခဲ့သည်။ ဆေးရုံ၊ ဆေးခန်းပြုပြင်ခြင်း၊ ကိုဗစ်စင်တာများနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် ငွေကျပ် ၅၆၆ ဘီလီယံ သုံးစွဲခဲ့သည်။ ထို့အပြင် အထွေထွေစရိတ်များအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းကျော် သုံးစွဲခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် သုံးစွဲရန် ဘဏ္ဍာငွေကို အဆင်သင့်ပြင်ဆင် ထားသည်။ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဒသမ ၁သန်း ပထမအကြိမ်ထိုးနှံပေးခဲ့သည်။ ဒုတိယအကြိမ် ၂ ဒသမ ၆ သန်း ထိုးနှံပြီးပြီ။ ယခုလတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း၊ အောက်တိုဘာလတွင် ၁၀ သန်း၊ နိုဝင်ဘာလတွင် လေးသန်း ထပ်မံရောက်ရှိလာမည်ဖြစ်သည်။ ထပ်မံ ဝယ်ယူရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ပြည်သူအားလုံး ကာကွယ်ဆေး ထိုးပြီးလျှင် ရောဂါ ကာကွယ်ရေးအတွက် စိတ်ချ သလောက်ရှိပြီဖြစ်သည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအတွက် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူအားလုံး အကျုံးဝင်သည်။ မတူကွဲပြားသော်လည်း မည်သူ့ကိုမျှခွဲခြားပြီး ချန်ထားမည်မဟုတ်ပေ။ အားလုံးသည် ပြည်သူများဖြစ်ကြသည်ဟူသော ခံယူချက်ထားရှိသည်။ ဝေးလံသောဒေသများ၊ ကယ်ဆယ်ရေး စခန်းများ၊ နယ်စပ်ဒေသများတွင်လည်း ကာကွယ်ဆေးထိုးပေးသည်။ အကျဉ်းသားများကိုလည်း ထိုးနှံပေးသည်။ ရခိုင်ပြည်နယ်တွင်လည်း အကျုံးဝင်သူများအားလုံးကို ကာကွယ်ဆေးထိုးပေးရန် စီစဉ်လျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နေထိုင်သည့် ဒေသများတွင်လည်း ကာကွယ်ဆေးထိုးနှံပေးရန် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် NCA သဘောတူညီချက်များကို ချိုးဖောက်မှုများ ရှိနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား နိုင်ငံသားများ၏ ရပိုင်ခွင့်များနှင့် အညီ ကာကွယ်ဆေးထိုးနှံပေးရေးကို ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံရေးနှင့် ပတ်သက်လာလျှင် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရအောင် စေတနာထားရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိအနေဖြင့် နိုင်ငံရေးအရ ဆောင်ရွက် ပေးနေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားအရေးနှင့် နိုင်ငံ့အတွက် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲမထားဘဲ လူသားတစ်ယောက်အနေဖြင့် တာဝန်သိသိ ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာတွင် အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၁) တွင် ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများလည်း ဆောင်ရွက်ပေးနေသည်။
သို့ဖြစ်ရာ ယနေ့မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို အားလုံးသိကြမည်ဖြစ်သည်။ မြန်မာသာမက ကမ္ဘာကပါသိလာကြပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းပြည်နှင့် ပြည်သူအားလုံးတို့၏ အကျိုးစီးပွား ကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးမှုများသည် နိုင်ငံ့အရေး၊ အမျိုးသားအရေးကို ဆောင်ရွက်ပေး နေခြင်းဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်
No comments:
Post a Comment