Thursday, September 9, 2021

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိက အဆောက်အအုံများ၏ ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေလှည့်လည်စစ်ဆေး

နေပြည်တော် စက်တင်ဘာ ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၈ ရက်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းဆောင်ရွက် ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 



ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ Archaeological Survey of India (A.S.I) အဖွဲ့က ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ ဆောင်ရွက်ခဲ့သည့် အာနန္ဒာဘုရား၏ အဆောက်အဦပိုင်း ဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒဆိုင်ရာနည်းစနစ်များဖြင့် နံရံပန်းချီများ ထိန်းသိမ်းခြင်း လုပ်ငန်း၊ ထီးလိုမင်းလိုဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာရေးထိုးပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ည့် သဗ္ဗညု ဘုရားတွင် အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဆံတော်ဘုရားနှင့် လောကထိပ်ပန် ဘုရားသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ရွှေဆံတော်ဘုရားတွင် ဂေါပကရုံးနှင့် အခြား တည်ဆောက်ရေးလုပ်ငန်းများ ယခုထက် ထပ်မံတိုးချဲ့မှုမပြုစေရေး သက်ဆိုင်ရာ ဌာနများက ကြပ်မတ်ဆောင်ရွက်သွားရန်၊ လောကထိပ်ပန်ဘုရားရှိ တန်ဖိုးမဖြတ်နိုင်သော နံရံဆေးရေး ပန်းချီများကို ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းမှုအခြေအနေများကို နိုင်ငံတကာပညာရှင်များ က လေ့ကျင့်ပေးထားခဲ့သည့်ဌာနမှ ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများဖြင့် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် မျိုးဆက်သစ်များကိုလည်း လေ့ကျင့်ပေးရင်း ထိန်းသိမ်းသွားရန် လမ်းညွှန် မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဂံရှုမြင်ကွင်းကြည့်ရှုနိုင်သည့် စူဠာမဏိ စေတီအနီးရှိ ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်းသို့ လည်းကောင်း၊ စူဠာမဏိဘုရား သို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်သည့်အတွက် သမိုင်းတန်ဖိုးနှင့် ယဉ်ကျေးမှု တန်ဖိုးမြင့်မားသဖြင့် ရေရှည်တည်တံ့စေရေးနှင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ထိန်းသိမ်းရာတွင်လည်း ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆက်လက်ထိန်းသိမ်းရန်၊ နိုင်ငံတော်က လက်ခံထားသော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း များနှင့် ကိုက်ညီသည့် ထိန်းသိမ်းမှုနည်းစနစ်များနှင့်အညီ ဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အအုံ များအား ရှေးမူလက်ရာ မပျက်ထိန်းသိမ်းရန်၊ UNESCO ၏ ထိန်းသိမ်းရေး လမ်းညွှန်ချက် စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက် သွားရန်၊ နောင်တွင် ဖြစ်ပေါ်လာနိုင် သည့် သဘာဘေးအန္တရာယ်များကိုလည်း တွက်ဆ၍ ရှေးဟောင်းအဆောက်အအုံများ ကြံ့ခိုင်မှု ရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment