Wednesday, August 11, 2021

ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မြို့နယ် ကုသရေးနှင့်ပြည်သူကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ရီရီခင်နှင့် တွေ့ဆုံမေးမြန်းခြင်း

 


ကန်ကြီးထောင့်   ဩဂုတ်   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မြို့နယ်ကုသရေးနှင့်ပြည်သူကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ရီရီခင်အား ဩဂုတ်လ ၁ဝ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ 

မေး။   ကန်ကြီးထောင့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေကို သိပါရစေ။

ဖြေ။    မြို့နယ် ကိုဗစ်ကော်မတီ၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပညာပေးအချက်အလက်များကို အသံချဲ့စက်များ၊ လက်ကိုင် စပိကာများနှင့် ကျေးလက်ဒေသအဆင့်ထိ၊ လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိပါတယ်။ ပါးစပ်နှင့် နှာခေါင်းစည်း  Mask  တပ်ဆင်ရေး လှုပ်ရှားမှုကိုလည်း တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံရန် အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်း၊ ရောဂါပိုးတွေ့လူနာများအတွက် နေရာထိုင်ခင်း ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း ကြိုတင်ပြင်ထားပါသည်။ ကိုဗစ်လူနာများ ရှာဖွေရေးနှင့် ထိစပ် မိသားစုဝင်များကို နေအိမ်မှအပြင်မထွက်စေရေးနှင့် ရောဂါဆက်လက်ရှာဖွေရေးနှင့် အောက်စီဂျင် လုံလောက်စွာရရှိရေး၊ လိုအပ်သောဆေးဝါးများ လုံ‌လောက်စွာ ရရှိရေးကိုလည်း ပြင်ဆင်ဆောင်ရွက် ထားပါတယ်။ အလှူရှင်များကလည်း လိုအပ်တဲ့ အောက်စီဂျင်နှင့်ဆေးဝါးများကို လှူဒါန်းပေးထား ကြပါတယ်။

မေး။   လက်ရှိပိုးတွေ့သူများနှင့် ပြန်လည်ကျန်းမာလာမှုအ‌ခြေအနေများကိုလည်း သိပါရစေ။

ဖြေ။    ဩဂုတ် ၉ ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်း ၉၄၇ ဦး၊ ရောဂါ ပျောက်ကင်းသွားသူပေါင်း ၇၇၉ ဦး၊ သေဆုံးသူ ၃၅ ဦးနှင့် ကုသဆဲ ၁၃၃ ဦးရှိပါတယ်။ ကုသဆဲ လူနာများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်။

မေး။   ပိုးတွေ့လူနာများနှင့်ပတ်သက်၍ ဘယ်လိုဆောင်ရွက် ကုသပေးနေပါသလဲ။

ဖြေ။    ကန်ကြီးထောင့်မြို့နယ်ဆေးရုံ၊ ဒါးကတိုက်နယ်ဆေးရုံ၊ ကန်ရွာတိုက်နယ်ဆေးရုံ၊ တကုန်းကြီး ယာယီ ဆေးရုံတွေမှာ ဆေးကုသပေးလျက်ရှိပါတယ်။ ပိုးတွေ့တဲ့လူနာများထဲမှ ပြင်းထန်လူနာများကို မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများမှာကုသပေးလျက်ရှိပါတယ်။

မေး။   လူနာများအတွက် အောက်စီဂျင်လိုအပ်မှု စီမံဆောင်ရွက်ထားမှုကိုလည်း သိပါရစေ။

ဖြေ။    ယခု ကိုဗစ်တတိယလှိုင်း မစတင်ခင်က မြို့နယ်ဆေးရုံမှာ အောက်စီဂျင် ဆလင်ဒါ ၄ဝ လီတာအိုး ၄ လုံး၊ အသက်ရှုစက် ၅ လီတာ တစ်လုံးရှိပါသည်။ ယခုအခါမှာတော့ တိုင်းကော်မတီမှ ထောက်ပံ့ထားမှု၊ အလှူရှင်များက လှူဒါန်းပေးထားမှုကြောင့် အောက်စီဂျင် ၄ဝ လီတာအိုး ၂၉ လုံး၊ အသက်ရှူစက် ၁ဝ လီတာ ၁၂ လုံးနှင့် အသက်ရှူစက် ၅ လီတာ ၃ လုံး ရရှိထားပါတယ်။ ၎င်းအနက်မှ ကန်ရွာ တိုက်နယ်ဆေးရုံအတွက် အသက်ရှူစက် ၁ဝ  လီတာ တစ်လုံးနှင့် အသက်ရှူစက် ၅ လီတာ ၂ လုံးကို ပေးအပ်ထားပါတယ်။ အောက်စီဂျင် မပြတ်လပ်စေရေးအတွက် မြို့နယ်ကိုဗစ်ကော်မတီ ၊ပရဟိတ အဖွဲ့များ၊ အလှူရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်မှလည်း အောက်စီဂျင်စက်ရုံ အမြန်ဆုံးတည်ဆောက်ရန် စီစဉ်လျက်ရှိပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါ သံသယရှိလာပါက မည်ကဲ့သို ဆက်သွယ်ဆောင်ရွက်ပါသလဲ။

ဖြေ။    ကိုဗစ်-၁၉ သံသယရှိလာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ နီးစပ်ရာ ကျန်းမာရေးအဖွဲ့များနှင့် ဆက်သွယ်စာရင်းပေးပါက နှာခေါင်းတိုးပတ် စစ်ဆေးပေးပါတယ်။ နှာခေါင်းတိုးပတ် စစ်ဆေးခြင်းကို မြို့နယ်ဆေးရုံမှာ နေ့စဉ်စစ်ဆေးပေးပြီး တကုန်းကြီး ကျေးလက်ကျန်းမာရေးဌာနမှာ တစ်ရက်ခြား စစ်ဆေးဆောင်ရွက်ပေးနေပါတယ်။

မေး။   ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေကိုလည်းသိပါရစေ။

ဖြေ။    ၂ဝ၂၁ ခုနှစ်၊ မတ်လ၊ ဧပြီလများမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၄ဝဝဝ ကျော်ကို ထိုးနှံပေးခဲ့ပါတယ်။ ၃ဝ-၇-၂ဝ၂၁ ရက်နေ့ကစပြီး ယနေ့အထိ ကာကွယ်ဆေးထိုးအဖွဲ့    ဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေး ကြိုးစားဆောင်ရွက် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း ၅၆ဝဝ ဦး ထိုးနှံပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံ ပေးသွားမှာပါ။

မေး။   အခြားဖြည့်စွက် ပြောကြားစရာရှိရင်လည်း ပြောကြားပေးပါဦးခင်ဗျာ။

ဖြေ။    ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်တတိယလှိုင်ဟာ ကူးစက်မှုနှုန်းမှာ အလွန်မြန်ဆန်ပါတယ်။ မိသားစုထဲမှာ တစ်ဦးကူစက်ခံရပါက တစ်မိသားစုလုံး ဆက်လက်ကူးစက်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန်လိုအပ်ပါတယ်။ မဖြစ်မနေ နေအိမ်ပြင်ပသို့သွားလိုပါက ပါးစပ်နှင့်နှာခေါင်းစည်းတပ်ခြင်း၊ မျက်နှာအကာတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးကို ရှောင်ကျဉ်ခြင်းများကို လူတစ်ဦးချင်းစီက လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။ အကယ်၍ မိမိမှာ ကိုဗစ်ရောဂါ သံသယ လက္ခဏာရှိပါက နီးစပ်ရာကျန်းမာရေးဌာနကို ဆက်သွယ်အကြောင်းကြားပြီး ဆေးစစ်ခြင်းနှင့် နှာခေါင်းတို့ပတ်ယူရန် လိုအပ်ပါမယ်။ စောစီးစွာ ကုသမှုခံယူပါက အသက်ဆုံးရှုံးမှုများကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးအဖွဲ့များနှင့်ဆက်စပ်အဖွဲ့အစည်းများ၊ အလှူရှင်များအားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်ဟာ ပိုမိုအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး မှာကြားလိုတာကတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံထား သူများသည် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်မှုမရှိတာကို တွေ့ရသည့်အတွက် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြပါရန် တိုက်တွန်းအပ်ပါတယ်။ အလှူရှင်များအားလုံးနှင့် ပူးပေါင်းကူညီ ဆောင်ရွက်သူအားလုံး၊ တစ်ဦးချင်းတစ်ယောက်ချင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။ အားလုံး ကိုဗစ်ရောဂါမှအမြန်ဆုံးကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်"

တွေ့ဆုံမေးမြန်းသူ-ဇင်မာ / မောင်မောင်မြင့်

No comments:

Post a Comment