Wednesday, August 11, 2021

ခမောက်ကြီးမြို့တွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စနစ်တကျ ပြန်လည်ဖွဲ့စည်း


ခမောက်ကြီး ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် လူမှုကိစ္စဆောင်ရွက်သည့် အသင်းအဖွဲ့တစ်ခုဖြစ်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့စနစ်တကျ ပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ဖွဲ့စည်းဆောင်ရွက်ရာတွင် ကော့သောင်းခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးကိုကိုကြီးမှ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ပြန်လည်ဖွဲ့စည်းခြင်းနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်များ၊ အခြေခံစည်းကမ်းချက်များအား အဖွဲ့ဝင်များ သိရှိလိုက်နာဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဦးမြင့်လွင်မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်သက်ဆိုင်သည့်ရှေ့လုပ်ငန်းစဉ်များပြောကြားပြီး လမ်းဦးစီးမှူးဦးနိုင်အောင်ဝင်းကလည်း သူနာပြုတပ်ဖွဲ့ ဖွဲ့စည်းမှုနှင့် သက်ဆိုင်သည့်ခေါင်းဆောင်ရွေးချယ်မှု နှင့် လိုအပ်ချက်များ ပွင့်လင်းစွာ ဆွေးနွေးပြောကြားကြရန် အဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

ထို့နောက် တပ်ဖွဲ့ဝင်များကသိလိုသည့်အကြောင်း အရာများမေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းတို့ ပြုလုပ်ကြပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကောက်ယူပြီး စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကျန်းမာရေးသုံးပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများကိုလည်း ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ရူပါမြင့် (ပြန်/ဆက်)


No comments:

Post a Comment