Wednesday, August 11, 2021

ကျောက်ပန်းတောင်းမြို့နယ်အတွင်း အောက်စီဂျင်လုံလောက်စွာရရှိရေးအတွက် သုဂတိရှင် နာရေးကူညီမှုအသင်း၏အစီအစဉ်ဖြင့် ဝယ်ယူသည့်အောက်စီဂျင်စက်သစ်ရောက်ရှိ မြို့မိမြို့ဖများ အစီအစဉ်ဖြင့် ဝယ်ယူမည့်စက်လည်း မကြာမီရောက်ရှိတော့မည်ဖြစ်

 


ကျောက်ပန်းတောင်း ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အောက်စီဂျင်လိုအပ်ချက်ကို တစ်ဖက်တလမ်းမှဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက်၊ သုဂတိရှင်နာရေးကူညီမှုအသင်း၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့်၊ တရုတ်နိုင်ငံထုတ် အောက်စီဂျင်စက်သစ်မှာ ယနေ့ နံနက် (၈) နာရီခွဲခန့်က အဆိုပါ စက်ထားရှိမည့် အသင်းရုံးသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ အောက်စီဂျင်ထုတ်လုပ်မည့်စက်မှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်စက်ဖြစ်ပြီး စက်တန်ဖိုးမှာ တရုတ်ယွမ် ငွေ(၃၃၅၀၀၀)၊ မြန်မာကျပ်ငွေ ကျပ်သိန်း(၁၂၅၀)ခန့်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစက်ကို လောလောဆယ်တွင် သုဂတိရှင်နာရေးကူညီမှုအသင်းရုံ(၈၀ပေ×၈၀ပေ)ရှိ၊ (၃)ထပ် အဆောက်အဦ၏ အောက်ဆုံးထပ်တွင် ယာယီထားရှိ၍ အသင်းရုံး ရှေ့မြေအကျယ်(၂၀ပေ×၂၀ပေ) ပတ်လည်အတွင်း တန်ဖိုးငွေကျပ်(၂၃၅)သိန်းတန် 160 KVA ထရန်စဖော်မာ တစ်လုံးကို တည် ဆောက်ထားရှိပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းအောက်စီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ စက်ဝယ်ယူရရှိရေးအတွက် လိုအပ်သည့် ရန်ပုံငွေများကို မြို့ပေါ်ရှိ စကားဝါမြေဖောင်ဒေးရှင်းမှ ငွေကျပ် သိန်း(၂၀၀)၊ မြို့နယ်မော်တော်ယာဉ်ကြီးများအသင်းမှ ငွေကျပ်သိန်း(၃၀၀)နှင့်  အင်တော-လက်ပံကျင်း-ပေါက်တော ကျေးရွာ ဖွံ့ဖြိုးရေးလမ်းအလှူရှင် ဦးအေးမောင် မိသားစုမှ ငွေကျပ်သိန်း(၃၀၀)တို့က အတိုးမဲ့ထုတ်ချေးရရှိခြင်းဖြစ်ကြောင်း သိရပြီး ထက်မံလိုအပ်မည့် ငွေကို မြို့မဈေးကြီးသမဝါယမအသင်းမှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့်ချေးငွေများကို အသင်း အလှူခံ ရရှိငွေများမှ ပြန်လည်ပေးဆပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောက်စီ ဂျင်စက်တပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် 40L ဝင်အောက်စီဂျင်အိုးကြီး အလုံး(၆၀) နေ့စဉ်ထုတ်လုပ် ပေးသွားနိုင်မည် ဖြစ်ကြောင်း  နှင့် အခြားမြို့များသို့ သွားရောက်ရှာဖွေ ရယူဖြန့်ဝေရသည့် ပြသနာများ ပြေလည်သွားမည်ဖြစ်ပြီး၊ မြို့နယ်အတွင်း အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွက် အောက်စီဂျင်လိုအပ်ချက် ပြည့်မီစေရန်အတွက် သုဂတိရှင်နာရေး ကူညီမှုအသင်းအပြင်၊ မြို့ပေါ်ရှိ ရပ်မိရပ်ဖများကလည်း ၎င်းတို့အစီအစဉ်ဖြင့် သီးခြားအလှူငွေရှာဖွေ၍ ဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါ အောက်စီဂျင်စက်ရုံအတွက် မြေနေရာကို စိတ္တပါလဂူကျောင်း စာသင်တိုက်အနီးတွင် ထားရှိသွားမည်ဖြစ်ပြီး မကြာမီလပိုင်း အတွင်းရောက်ရှိမည်ဖြစ်၍  ၎င်း စက်ပါ ထပ်မံရောက်ရှိလာပါက မြို့နယ်အတွက် အောက်စီဂျင်ထုတ်စက် (၂)လုံးဖြစ်၍ လိုအပ်သည့် အောက်စီဂျင်များကို အပြည့်အဝ ထုတ်လုပ်ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် သတင်းကြား သိရသည်။

နေအောင်(ပြန်/ဆက်)

No comments:

Post a Comment