မန္တလေး သြဂုတ် ၁၀
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ယခုရက်ပိုင်းအတွင်း မန္တလေးပဲဈေးကွက်အတွင်း၌ အိန္ဒိယ နိုင်ငံ၏ ဝယ်လိုအားကြောင့် မတ်ပဲနှင့် ပဲစင်းငုံများမှာ အရောင်းအဝယ် အထူးကောင်းမွန် လျက်ရှိပြီး ဈေးနှုန်းမှာလည်း ငါးနှစ်အတွင်း အမြင့်ဆုံးဈေးများရရှိကာ စံချိန်တင်မြင့်တက် လျက်ရှိကြောင်း သိရသည်။
အရောင်းသွက်
အဆိုပါ ပဲများမှာ မန္တလေးဈေးကွက်တွင် ယနေ့ပေါက်ဈေးများအနေဖြင့် မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ နှုန်း၊ ယခုနှစ်ထွက်ရှိသည့် ပဲစင်းငုံအသစ်မှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ နှုန်းဖြင့် အရောင်းသွက်လျက်ရှိသည်။
“ပဲစင်းငုံပေါက်ဈေးကတော့ ငါးနှစ်အတွင်းမှာ မကြုံစဖူး ထူးထူး ခြားခြားပဲ ထိပ်ဆုံးဈေးကို ရောက်ရှိလာတယ်။ ၂၀၁၇ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံရဲ့ ဝယ်ယူမှုက ကန့်သတ်ချက်တွေရှိခဲ့တာ ကြောင့် ဈေးကွက်ဘောင်ကျဉ်းလာလို့ သုံးတင်းဝင်တစ်အိတ်ကို သုံးသောင်းကျပ်အထိ ကျဆင်း ခဲ့ရပြီး အဲဒီအချိန်ကတောင်သူတွေနဲ့ ကုန်သည်တွေ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့ခဲ့ရတယ်။ ဒီနှစ်မှာတော့ အိန္ဒိယက ငါးနှစ်ဆက်တိုက် ဝယ်ယူမယ့် သတင်းတွေကြောင့် တောင်သူတွေအဖို့ အခြေအနေကောင်းကို မြင်တွေ့နေရပါပြီ” ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။
ထို့ပြင် ပြည်တွင်း၌သာ အဓိကရောင်းချရသည့် ပဲအမျိုးအစားများ ဖြစ်သော ကုလားပဲ၊ ပဲကြီး၊ ပဲနီပြားနှင့် စားတော်ပဲများမှာ ယခုကိုဗစ် ကာလအတွင်း ပြည်တွင်းစားသုံးမှုများပြားသည့် အတွက် ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး လက်ရှိတွင် မန္တလေးဈေးကွက်၌ ပဲကြီးသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၄၀၀၀ နှုန်း၊ ပဲနီပြားသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀ နှုန်း၊ စားတော်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း ပေါက်ဈေးများရှိကြောင်း သိရသည်။
ယခုကာလသည် ပဲစင်းငုံစတင်စိုက်ပျိုးသည့်ရာသီဖြစ်ခြင်းကြောင့် တောင်သူများအနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချရန် အလားအလာကောင်းများ မြင်တွေ့နေရသည့်အတွက် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန်နှင့် ပဲစင်းငုံစိုက်ဧကများလည်း တိုးချဲ့စိုက်ပျိုးကြရန် လိုအပ် ကြောင်း ၎င်းကအကြံပြုပြောသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment