ကန်ကြီးထောင့် ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ၍ ကန်ကြီးထောင့်မြို့နယ်ရှိ ပုသိမ်-ရန်ကုန်သွား ကားလမ်းဘေး၊ ကွင်းယားအရှေ့ရှိ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းမြင့်စောနှင့် ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ၊ ခရိုင် ငါးမျိုးစိုက်ထည့်ရေးကော်မတီဝင်များ၊ ကန်ကြီးထောင့် မြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သဘာဝရေပြင်အတွင်း ငါးသားပေါက် ငါးမျိုးများ စိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ငါးလုပ်ငန်း ဦးစီးဌာနသည် ရေလုပ်သားများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် သဘာဝရေပြင်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့တွင် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၃ သိန်း၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၂ သိန်း ၅ သောင်း ၊စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅ သိန်း ၅ သောင်း ကို ရေလုပ်ငန်းရှင်များထံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းကာ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၁-၂၀၂၂ လုပ်ငန်းရာသီအတွက် ငါးလုပ်ငန်းစခန်းများဖြစ်သည့် ပုသိမ်၊ ဟင်္သာတ၊ တလုပ်လှ၊ အောင်ဟိတ်၊ ပန်းတနော်စခန်းတို့မှ စုစုပေါင်း ငါးမျိုး ၂၁၁ သိန်း ငါးမျိုးစိုက်ထည့်ရန် လျာထားသတ်မှတ်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (၁၃၁.၄၈၅) သိန်း ငါးမျိုးစိုက်ထည့်ပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြင့်ဟန်
No comments:
Post a Comment