Wednesday, August 18, 2021

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

 



 

ဗန်းမော်  ဩဂုတ်  ၁၈

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် မှီတင်းနေထိုင်လျှက်ရှိရာ နှစ်စဉ်မိုးရာသီကာလအတွင်း ရေးကြီးနစ်မြှုပ်မှုနှင့် သဘာဝဘေးအန္တရာယ်များကို တွေ့ကြုံနေရသည့်အတွက် ယခုနှစ်တွင် ကြိုတင်စီမံဆောင်ရွက်မှု နှင့်ပတ်သက်၍ ယမန်နေ့  နံနက် ၁၀ နာရီက ဗန်းမော်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဌေးနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်-

မေး။     ။ ဗန်းမော်မြို့နယ်မှာ မိုးရာသီကာလ၌ တွေ့ကြုံနိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးအစားများကို ပြောကြားပေးစေလိုပါတယ်။

ဖြေ။      ။ ကျွန်တော်တို့ ဗန်းမော်မြို့နယ်မှာ မိုးရာသီကာလ၌ တွေ့ကြုံနိုင်သည့် သဘာဝဘေး အန္တရာယ် အမျိုးအစားများကတော့ ဧရာဝတီမြစ်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပါတယ်။

မေး။     ။ ယခင်နှစ်က ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုအခြေအနေနှင့် လက်ရှိဧရာဝတီမြစ်ရေ မြင့်တက် နိုင်မှု အခြေအနေကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။      ။ ယခင်နှစ်က ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုအခြေအနေမှာ မြစ်ရေအမှတ်(၁၁၁၅) စင်တီမီတာမြင့်တက်ခဲ့ပြီး ယခုနှစ် ယမန်နေ့က တိုင်းတာချက်အရ မြစ်ရေအမှတ်မှာ (၉၂၉)စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်တဲ့အတွက် စိုးရိမ်ရေအမှတ်နှင့် နီးလာပြီဖြစ်တဲ့အတွက် မြေနိမ့်ပိုင်းနှင့်မြစ်ကမ်းဘေးတစ်လျှောက်နေထိုင်ကြသည့် မိဘပြည်သူများ သတိပြုနေထိုင်ရန် နှိုးဆော်လိုပါတယ်။

မေး။     ။ ယခင်နှစ်က အမြင့်ဆုံးရောက်ရှိခဲ့တဲ့ မိုးရေချိန်လက်မနှင့် ယခုရောက်ရှိနေသည့် မိုးရေချိန်လက်မကိုလည်း ပြည်သူအများသိအောင် ပြောပြပေးစေလိုပါတယ်။

ဖြေ။      ။ ယခင်နှစ်က ရောက်ရှိခဲ့တဲ့ မိုးရွာသွန်းမှုအမြင့်ဆုံးမိုးရေချိန်လက်မမှာ ၅၂ ဒဿမ ၈၇ လက်မဖြစ်ပြီး ယခုနှစ်မှာ ရောက်ရှိနေတဲ့ မိုးရေချိန်ကတော့ ယမန်နေ့အထိ ၅၇ ဒဿမ ၂၄ လက်မရောက်ရှိပြီ ဖြစ်ပါတယ်။ မိုးဆက်လက်ရွာသွန်းနေမယ်ဆိုရင် ကျွန်တော်တို့ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ကို အမြန်ဆုံးရောက်ရှိလာနိုင်ပါတယ်။

မေး။     ။ ဗန်းမော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြစ်ရေကြီးမှု မဖြစ်ပေါ်မီ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။      ။ ကျွန်တော်တို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးကော်မတီတို့ ပူးပေါင်းပြီး ယခင်နှစ်ကတော့ မြေနိမ့်ပိုင်း မြစ်ရေဝင်ရောက်သည့် ရပ်ကွက်/ကျေးရွာနေပြည်သူများကို ကုန်းမြင့်ပိုင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ဇရပ်များသို့ ပြောင်းရွေ့စီမံနေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှုကြောင့် သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းတွေမှာ နေရာချထားခြင်းမပြုတော့ဘဲ အခြေခံပညာကျောင်းတွေမှာ နေရာချထားပေး နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပါတယ်။

မေး။     ။ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် အသိပညာပေးဆောင်ရွက်မှုအခြေအနေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။      ။ ကျွန်တော်တို့ ဌာနအနေဖြင့် ပြည်သူများထံသို့ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း၊ ဆောင်ရန် ရှောင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြစ်သည့် ရေဘေးပညာပေးစာစောင်၊ မုန်တိုင်းဘေးပညာပေးစာစောင်၊ မြေပြိုခြင်းပညာပေးစာစောင်၊ ငလျင်ဘေးပညာပေးစာစောင်၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း ပညာပေးစာစောင်များကို ဖြန့်ဝေခြင်းများ ဆောင်ရွက်နေပါတယ်။

မေး။     ။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည့် ပြည်သူများ အတွက် ထောက်ပံ့ကူညီပေးနိုင်မှုအခြေအနေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။      ။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သဘာဝဘေး အမျိုးအစားပေါ်မူတည်ပြီး ဘေးဒုက္ခသင့်ပြည်သူများကို တစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေကျပ်(၂၁၀၀) နှုန်းဖြင့် လည်းကောင်း၊ အခြားဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ဥပမာ-ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရလျှင် တစ်ဦးကို ငွေကျပ်(၅)သောင်း၊ သေဆုံးသွားလျှင် ငွေကျပ်(၃)သိန်း၊ မီးဘေး အန္တရာယ်ကြောင့် နေအိမ်ပစ္စည်းများ ဆုံးရှုံးမှုဖြစ်ပေါ်လျှင် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးနှင့် အတူ ငွေများကို လည်းကောင်း ထောက်ပံ့ပေးပါတယ်။

မေး။     ။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်သူများထံသို့ မှာကြားလို သည်များကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။      ။ ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်နှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့်  မိဘပြည်သူများ၊ သဘာဝဘေးအန္တရာယ်နှင့် တွေ့ကြုံရပါက ကျွန်တော်တို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးကော်မတီသို့ ဆက်သွယ်အကြောင်းကြားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

No comments:

Post a Comment