Wednesday, August 18, 2021

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ပြန်လည် လွှဲပြောင်းလာသော မြန်မာနိုင်ငံသားများအား နွေးထွေးစွာ လက်ခံကြိုဆို

 

May be an image of one or more people, people standing and body of water

May be an image of one or more people, people standing and indoor
မြစ်ကြီးနား သြဂုတ် ၁၈
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်း ပြည်နယ်ခွဲထံမှ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်လွှဲပြောင်း လာသော မြန်မာနိုင်ငံအတွင်းရှိ အရပ်ဒေသအသီးသီး ပြည်သူ (၂၉၁)ဦးတို့အား ယမန်နေ့ ညနေ ၆ နာရီတွင် မြစ်ကြီးနားမြို့၌ နွေးထွေးစွာ လက်ခံကြိုဆိုကြသည်။
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်းစန်းပြည်နယ်ခွဲမှ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်သို့ သြဂုတ် ၁၆ ရက်က မြန်မာ-တရုတ်ချစ်ကြည်ရေးလှိုင်ခေါင်းမှတစ်ဆင့် မြန်မာနိုင်ငံသား ကျား ၁၇၂ ဦးနှင့် မ ၁၁၉ ဦးတို့အား ပြန်လည်လွှဲပြောင်းပေးပို့ရာ ကန်ပိုက်တီနယ်စပ်စစ်ဆေး ရေးဂိတ်၌ မြစ်ကြီးနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးတို့ ဦးဆောင်၍ ကန်ပိုက်တီမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက နေရပ်လိပ်စာနှင့်အမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း တို့ဖြင့် စိစစ်လွှဲပြောင်းလက်ခံကြိုဆိုခဲ့ကြပြီး မြစ်ကြီးနားမြို့သို့ ကန်ပိုက်တီ - ဆဒုံး - ဝိုင်းမော် - မြစ်ကြီးနားလမ်းကြောင်းအတိုင်း ပြန်လည်ခေါ်ဆောင်လာခဲ့ကြသည်။
ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံအတွင်းရှိ အရပ်ဒေသအသီးသီးမှ ပြည်သူ ၂၉၁ ဦးတို့အား သြဂုတ် ၁၇ ရက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အဆိုပါ ပြည်သူများအား ခေတ္တနေရာချထားပေးမည့် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ခါကာဘိုရာဇီအမျိုးသားဆောင် နှင့် ဆွမ်ပရာဘွမ်အမျိုးသမီးဆောင်တို့တွင် နွေးထွေးစွာလက်ခံကြိုဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က နေရပ်ပြန်ပြည်သူများအား မိမိတို့ နိုင်ငံအတွင်း ပြန်လည်ရောက်ရှိလာပြီဖြစ်သောကြောင့် စိတ်ပူပန်မှုမရှိတော့ဘဲ ပျော်ရွှင်စွာနေထိုင်ကြရေးနှင့် နေထိုင်ရာနေရပ်ဒေသအသီးသီးသို့ အရောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့ကာ နှာခေါင်းစည်း Mask များနှင့် လက်အိတ် များနှင့် ပြန်လည်ရောက်ရှိလာသော ပြည်သူများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မိခင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ပြန်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများမှာ စုစုပေါင်း ၂၉၁ ဦးဖြစ်ပြီး ကချင်ပြည်နယ်မှ ၁၆ ဦး၊ ချင်းပြည်နယ်မှ ၄ ဦး၊ ရခိုင်ပြည်နယ်မှ ၈၇ ဦး၊ ရှမ်းပြည်နယ်မှ ၇၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၂၇ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂ ဦး၊ မကွေးတိုင်းဒေသကြီး မှ ၃၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂ ဦးနှင့် နေပြည်တော်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား မြစ်ကြီးတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်များတွင် သြဂုတ် ၁၉ ရက်နှင့် သြဂုတ် ၂၃ ရက်တို့ တွင် ကိုဗစ်-၁၉ နှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်းတို့အား ပြည်နယ်အစိုးရအဖွဲ့မှ နေထိုင်စားသောက်မှု အဆင်ပြေစေရေး စီမံဆောင်ရွက်ပေးထားကြောင်းနှင့် သြဂုတ် ၂၆ ရက်တွင် နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်

No comments:

Post a Comment