Saturday, August 14, 2021

လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးတွင် ပါဝင် ဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံ မေးမြန်းခြင်း

 




                                                                                     လှိုင်းဘွဲ ဩဂုတ် ၁၄

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လူမှုရေးအသင်းအဖွဲ့ဖြစ်သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းတို့အား သွားရောက်တွေ့ဆုံ မေးမြန်းမှုကို ရေးသားလိုက်ပါသည်-

 

ဒေါ်အေးအေးဖြူ(ဒုမြို့နယ်တပ်ဖွဲ့မှူး၊မြန်မာနိုင်ငံကြက်ခြေနီအသင်း(လှိုင်းဘွဲ))

မေး။ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ လုပ်ငန်းတာဝန်နဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

ဖြေ။ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲဒုက္ခ လျော့နည်း သက်သာစေရန်၊ လုပ်ငန်းကြီး(၃)ရပ်ကတော့ ကျန်းမာရေးကို မြင့်တင်ပေးရန်၊ ရောဂါဘေးတားဆီးရန်၊ ဒုက္ခရောက်နေသူများကို ကူညီရန်နှင့်ကယ်ဆယ်ရန် ဖြစ်ပါတယ်။

မေး။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာ အသင်းအဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ပေးနေမှုနှင့် အားဖြည့်ဆောင်ရွက် ပေးနေမှုကို သိချင်ပါတယ်။

ဖြေ။ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းအနေဖြင့် ဈေးတွေမှာ Mask Campaign ပါဝင် ဆောင်ရွက် ပေးပြီး Mask များကိုလည်း လှူဒါန်ပေး ခဲ့ပါတယ်။ ဆေးရုံတွေမှာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ကျန်းမာရေး ဆရာမတွေနဲ့ စင်တာတွေမှာ ပူးပေါင်းပြီး တာဝန်ယူ ဆောင်ရွကပေးတယ်။ ကိုဗစ်-၁၉ Positvie လူနာတွေကို အောက်ဆီဂျင်တိုင်းတယ်။ အောက်ဆီဂျင် ရှာဖွေရေးလုပ်ငန်းတွေကို ဝိုင်းဝန် ကူညီပေးတယ်။ မြို့အဝင်/အထွက် ကိုဗစ်-၁၉ စစ်ဆေးဂိတ်များတွင်လည်း ဂိတ်တဂိတ်ကို တပ်ဖွဲ့ဝင် (၂)ဦးစီနဲ့ ဌာနဆိုင်ရာနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေမှာလဲ စတင်ထိုးနှံတဲ့အချိန်ကစပြီး မြို့နယ်နှင့်ရွာတွေမှာ ရှိတဲ့ ကြက်ခြေနီတပ်သား တွေနဲ့ ပူးပေါင်း ကူညီဆောင်ရွက်ပေးပါတယ်။

မေး။ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုဆောင်ရွက်နေတဲ့အခါမှာ ကြုံတွေရ တဲ့ အခက်အခဲတွေရှိပါသလား။

ဖြေ။ အခက်အခဲ့အနေနဲ့တော့ သွား/လာရေးအတွက် ဆီဖိုးကုန်းကျစရိတ်တွေ ရှိတယ်။ Positive လူနာတွေကို ကူညီ ဆောင်ရွက်တဲ့အချိန်မှာ PPE ဝတ်စုံတွေ လိုအပ်တယ်။ စားသောက်ရေး စရိတ်တွေလိုအပ်ချက်များ ရှိပါတယ်။

မေး။ လှိုင်းဘွဲမြို့နယ်မှာ ကိုဗစ်-၁၉လူနာတွေအတွက် အသင်းအနေနဲ့ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ရယူ ဆောင်ရွက်နေသလဲ၊ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။

ဖြေ။ အရင်တုန်းကတော့ အောက်ဆီဂျင် ပြတ်တောက်မှုတွေ အများကြီး ရှိတယ်၊ ကြက်ခြေနီ အသင်းအနေနဲ့ ဘာမှမလုပ်ပေးနိုင်ဘူး။ ဆေးရုံကနေပြီးတော့ အပြင်မှာ ရှာပေးရတယ်။ ယခုဆိုရင် မြဝတီက အလှူရှင်တစ်ဦးကနေ အောက်ဆီဂျင်(၉)လုံး လှူပေးတယ်။ အောက်ဆီဂျင်(၉)လုံးကနေ မြို့တွင်းမှာ ရှိတဲ့လူနာဆိုရင် ကြက်ခြေနီတပ်ဖွဲ့က နေပြီးတော့ PPE ဝတ်စုံအပြည့်အစုံနဲ့ အောက်ဆီ ဂျင်ဘူးတွေ ယူတယ်၊ ဖြည့်ပေးတယ်၊ ဆေးရုံမှာ လိုတယ်ဆိုရင် အပြင်က လူနာရှင်က လာဖြည့် ရင်လဲ လက်ခံပေးတယ်။ အောက်ဆီဂျင် ကုန်သွားရင် အလှူရှင်ကနေ ချိတ်ဆက်ပြီး ပြန်လည်ဖြည့်ပေး ပါတယ်။ အခက်အခဲကတော့ လူနာ သယ်တဲ့အချိန်မှာ လူနာသယ်စင် မရှိဘူး/မလုံလောက်ဘူး၊ အများစုကတော့ အောက်ဆီဂျင်အိုးတွေ လုံလောက်မှု မရှိဘူး၊အခက်အခဲဖြစ်တယ်၊ ရွာကလူဆိုရင် အောက်ဆီဂျင်အိုးပါမလာဘူး၊ မပါလာတဲ့အတွက် ရှာပေးရတာ ခက်ခဲမှု အများကြီးရှိတယ်။

မေး။ အသင်းအဖွဲ့အနေဖြင့် ပရဟိတစိတ်ဓါတ်နဲ့ ဆောင်ရွက်ရပြီး မွန်မြတ်တဲ့ လုပ်ငန်းဖြစ်တာကြောင့် လူကြီးမင်းတို့ရဲ့ ပီတိစကားသံကို ကြားချင်ပါတယ်။

ဖြေ။ လူနာတွေကို အောက်ဆီဂျင်ပေးပြီး အသက်ကယ်ခွင့်ရတယ်၊ အခက်အခဲ ရှိတဲ့ လူနာတွေအတွက် လိုအပ်သော ထမင်း/ရေ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပီတိဖြစ်ပါတယ်၊ လူနာတွေ လိုအပ်တာ ထမင်း တခုတည်းပဲ မဟုတ်ဘူး လိုအပ်တဲ့အကူအညီလဲ ကူညီပေးတယ်၊ ဥပမာ လူနာက ဆန်ပြုတ် သောက်ချင်တယ်ဆိုရင် ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင် Positive Centre ထိ ရောက်အောင် ပို့ပေးတယ်၊ ကိုယ်က မပြည့်စုံပေးမယ့် သူများကို ကူညီရတဲ့အတွက် အများကြီး ဝမ်းသာပီတိဖြစ်တယ်၊ တပ်ဖွဲ့ အတွက်လဲ ဂုဏ်ယူတယ်၊ တပ်ဖွဲ့တွေကလဲ အားမာန်မလျော့ပဲ အပြုံး မျက်နှာ နဲ့ပဲ မြို့နယ်တိုင်းမှာ ဆောင်ရွက်နေကြပါတယ်၊

မေး။ ကြက်ခြေနီ တပ်ဖွဲ့ တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ စိတ်ထားတွေကို ဘယ်လိုမျိုး လေ့ကျင့်သင်ကြားပေးလဲ၊

ဖြေ။ ဝါသနာကို အရင်းတည်ပြီး စေတနာ၊ မေတ္တာ၊ ဂရုဏာနဲ့ စုပေါင်းပြီးတော့ သူတို့တွေက လုပ်ငန်းတွေကို ဦးတည်ပြီး ဆောက်ရွက်ကြတယ်။ ဝါသနာမပါလဲ၊ လူတွေအပေါ် စေတနာ၊ ဂရုဏာ မထားရင်လဲ မရပါဘူး၊ ဒါကြောင့်မလို့ ဝါသနာကို အရင်းတည်ပြီးတော့ ဆောင်ရွက်ကြတယ်၊ ဥပမာ အိမ်ပြန်ချင်တယ်ဆိုရင်တော် မိမိမိသားစု အသက်ကြီးတဲ့ လူကြီးများ ရှိတဲ့အတွက် သူတို့မပြန်ဘူး၊ လိုအပ်တဲ့အချိန် ဆေးဖြန်းတယ်၊ လူနာတွေကို ကူညီပေးတယ်၊ PPE ဝတ်စုံတွေကိုလဲ စနစ်တကျဖြစ်အောင် ဝတ်ဆင် ဆောင်ရွက်နိုင်ကြပါတယ်။

မေး။ အသင်းအဖွဲ့ကိုယ်စား ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောပေး စေချင်ပါတယ်။

ဖြေ။ ကြက်ခြေနီတပ်ဖွဲ့ကိုယ်စားအနေနဲ့ ပြောချင်တာကတော့ တပ်ဖွဲ့တွေက အားမာန်အပြည့်နဲ့ ဆောင်ရွက်နေကြတယ်၊ ယခုလက်ရှိမှာ အားကို မလျော့ကြဖို့၊ လှိုင်းဘွဲမြို့နယ်မှာရှိတဲ့ ရွှေဂွန်း၊ပိုင်ကျုံ၊ စသည့် ကျေးရွာတွေကို ဆောင်ရွက်နေတဲ့ ကြက်ခြေနီတပ်ဖွဲ့ (၄၀)ဦးကို အားမာန်မလျော့ပဲ မာန်အပြည့်နဲ့ ချီတက်နေတဲ့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ပြီးဆုံးတဲ့အထိ ကူညီဆောင်ရွက်သွားမယ်လို့ အားလုံးကိုယ်စား ပြောကြား လိုပါတယ်။

ဝေယံလင်း(ခ)လင်းလင်း(ဥက္ကဋ္ဌ၊လှိုင်းဘွဲမြို့နယ်၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း)

မေး။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာ အသင်းအဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ပေးနေမှုနှင့် အားဖြည့်ဆောင်ရွက်ပေး နေမှုကို သိချင်ပါတယ်။

ဖြေ။ လှိုင်းဘွဲမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ Covid-19 Positive လူနာတွေကို ကျွန်တော်တို့ နေ့စဉ်အလျောက် ကူညီပို့ ဆောင်ပေးနေပါတယ်၊ နေမကောင်းတဲ့ သူတွေက ကျွန်တော်တို့ဆီ ဆက်သွယ်လာတယ်၊ ဆက်သွယ်လာတဲ့သူတွေကို ကျွန်တော်တို့က လှိုင်းဘွဲပြည်သူ့ဆေးရုံကြီးမှာ Test Kit နဲ့ သွားစစ်ဆေး ပေးတယ်၊ Positive ထွက်တဲ့လူနာတွေကို သီးသန့်ဆောင်မှာ နေထိုင်နိုင်ရေး ဆက်လက်ပို့ဆောင်ပေးပါတယ်။ ပြည်သူ့ဆေးရုံတွင် နေရာမဆံ့တော့ဘူးဆိုရင် ထီလုံတိုက်နယ် ဆေးရုံသို့ သွားရောက် ပို့ဆောင်ပေးပါတယ်။

မေး။ လှိုင်းဘွဲမြို့နယ်မှာ ကိုဗစ်-၁၉ လူနာတွေအတွက် အသင်းအနေနဲ့ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရယူ ဆောင်ရွက်နေသလဲ၊ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။

ဖြေ။ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံမှာဆိုရင် အောက်ဆီဂျင်လိုအပ်တယ်၊ ကျွန်တော့်တို့မှာလည်း အောက်ဆီဂျင် ပြတ်လတ်မှုတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ အောက်ဆီဂျင်ရဖို့ အလှူရှင်တွေနဲ့ မြဝတီ ဘက်ခြမ်းနဲ့ ရွှေကုက္ကိုလ်ဘက်ခြမ်းမှာ အောက်ဆီဂျင် သွားရောက်သယ်ဆောင်နေပါတယ်။ အောက်ဆီဂျင်ကတော့ လှိုင်းဘွဲမြို့နယ်မှာ တနေ့ကို 40l အိုး(၁၀)လုံးဆိုရင်လဲ မလောက်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့အဖွဲ့တွေ နေ့တိုင်းသွားရောက် သယ်ဆောင်နေရပါတယ်၊ ဆေးရုံလူနာမကပဲ တစ်ချို့ဆေးရုံဆင်း အသက်ကြီး လူနာတွေ အောက်ဆီဂျင် ရှုနေရတာ အများကြီးပါပဲ၊ တစ်နေ့ဆိုရင် အောက်ဆီဂျင် (၁၀)လုံး၊(၁၅)လုံးလောက် ကုန်တယ်၊ ယခုလက်ရှိ အောက်ဆီ ဂျင်နဲ့ ပတ်သက်ပြီး အခက်အခဲတွေ အများကြီးပါပဲ၊ လမ်းပန်း ဆက်သွယ်ရေး ကလဲ ခက်ခဲတယ်၊ ရေကြီးတဲ့ အချိန်တုန်းကဆိုရင် အောက်ဆီဂျင် သယ်ရတာ ခက်ခဲလို့ နားထားရပါတယ်၊ အဲ့ချိန်မှာဆို ကရင်ပြည်နယ် လူမှုကယ်ဆယ်ရေး အဖွဲ့ကနေ ရရင်ရသလောက် (၅)လုံးဖြစ်ဖြစ် လှမ်းတောင်းပြီးတော့ လူနာအတွက်ကော၊ ဆေးရုံအတွက် ဖြည့်တင်းဆောင်ရွက်ပေးနေရပါတယ်။ ကူညီပေးတဲ့ မိဘပြည်သူများ အလှူရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်၊

မေး။ အသင်းအဖွဲ့အနေဖြင့် ပရဟိတစိတ်ဓါတ်နဲ့ ဆောင်ရွက်ရပြီး မွန်မြတ်တဲ့ လုပ်ငန်းဖြစ်တာကြောင့် လူကြီးမင်းတို့ရဲ့ ပီတိစကားသံကို ကြားချင်ပါတယ်။

ဖြေ။ ကျွန်တော်ကတော့ အသင်းစတင်ဖွဲ့စည်းရာကနေ ယခုလက်ရှိအချိန်အထိ သူများကို ကူညီရတာ ပီတိဖြစ်တယ်၊ အသင်းက ကလေးတွေကလဲ စိတ်တူ ကိုယ်တူ ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင် ကူညီပေးတယ်၊ သယ်ဆောင်ပေး တယ်၊ ဆေးရုံသို့ ပို့ဆောင်ပေးတယ်၊ တစ်ချို့သူဆိုရင် အကူအညီတောင်းတာ ကျွန်တော်တို့ရှေ့မှာ မျက်ရည်တွေတောင်ကျတယ်၊ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းသား(၂၃)ယောက်နဲ့ လှိုင်းဘွဲတစ်မြို့နယ်လုံးရှိ လူနာတွေကို သယ်ဆောင်ကူညီ ဆောင်ရွက်ပေး တယ်၊ ဒီလို ကူညီရတဲ့အတွက်လည်း ဝမ်းသာ ပီတိဖြစ်ပါတယ်။

မေး။ အသင်းအဖွဲ့ကိုယ်စား ပြောကြားချင်တာများရှိရင် ဖြည့်စွက်ပြောကြား ပေးစေလိုပါတယ်။

ဖြေ။ အသင်းကိုယ်စား ကျွန်တော်တို့အသင်း ရေရှည်တည်တံ့ဖို့အတွက် အလှူရှင်များကို ကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့ အသင်းအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးပါတယ်။ Covid-19 Positive လူနာ၊ သေဆုံးတဲ့ လူနာတွေကိုလဲ ကူညီသယ်ဖို့အတွက် ခက်ခဲမှုတွေ ရှိပါတယ်။ ရေကြီးတဲ့ကာလ ဆိုရင် Body အလောင်းတွေကို သင်္ချိုင်းပို့ဖို့အတွက် ခက်ခက်ခဲခဲ ရေထဲကနေ တစ်ဆင့်ပြီးတစ်ဆင့် သယ်ဆောင်နေရပါတယ်။ အခြားအဖွဲ့တွေကိုလည်း အကူအညီတောင်း နေရပါတယ်။ အသင်း ရေရှည် တည်တံ့ဖို့အတွက် လှူဒါန်းပေးသော အလှူရှင်များ၊ ပြည်တွင်း/ပြည်ပ အလှူရှင် များ၊ ထိုင်းနိုင်ငံရောက်တဲ့ အလှူရှင်များကိုလည်း အများကြီး ကျေးဇူးတင် ပါတယ်။ အသင်းကို ဒီထက်မက တိုးတက်ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူများ ကို ကူညီနိုင်ဖို့ ကျွန်တော်တို့ အသင်းအဖွဲ့အနေဖြင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ခင်စန်းမြင့်

 

No comments:

Post a Comment