Saturday, August 14, 2021


မြိတ် ဩဂုတ် ၁၄

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒေသတွင်းစားသုံးလျက်ရှိသည့် ငါး/ပုစွန်များသည် ကိုဗစ်-၁၉ ကာလအတွင်း ကမ်းနီးလှေငယ်များမှ ပုံမှန်ရောက်ရှိလျက်ရှိကာ လက်ရှိအချိန်တွင် ယခင်ကထက် ငါးရောင်းချသူနှင့် ဝယ်ယူသူများ နည်းပါးခဲ့၍  ဈေးနှုန်းလည်း အနည်းငယ်ကျဆင်းခဲ့ကြောင်း ငါးရောင်းချသူများထံမှ သိရသည်။

 

 “အရင်က ပလာတူးငါးတစ်ခြင်းကို (၃၀၀၀၀)ကျပ်ရပါတယ်။ အခုက(၂၀၀၀၀)ကျပ်ပဲရတယ်။ (၁၀၀၀၀) ကျပ် ဈေးကျသွားပါတယ်။ တခြားငါးတွေလည်း ဈေးကျပါတယ်။ အခုရောင်းချနေတဲ့ ငါးတွေက ငါးမျိုးစုံပါပဲ။ ကိုဗစ်ကာလဖြစ်တဲ့အတွက် ရောင်းတဲ့သူရော ဝယ်တဲ့သူပါ နည်းသွားပါတယ်။ ကိုဗစ် ကာလဖြစ်လို့ အားလုံးက ကြပ်တည်းကြတဲ့အတွက် ဈေးလျော့ပြီးရောင်းနေရပါတယ်”ဟု ငါးဈေး ရောင်းချလျက်ရှိသူ ဒေါ်စန်းစန်းဌေး က ပြောကြားခဲ့သည်။

 

မြိတ်မြို့တွင် ဒေသတွင်း ပြည်သူများ စားသုံးလျက်ရှိသည့် ငါးများကို မြိတ်တောင်ကျေးရွာရှိ ငါးလေလံ ဈေးတွင် ကမ်းနီးငါးဖမ်းလှေများမှ ဖမ်းယူရရှိသည့် ငါးရရှိမှုအပေါ်မူတည်၍ ငါးဈေးသို့ရောက်ရှိကာ  ငါးများကို သတ်မှတ်အချိန်တွင်  အရောင်းအဝယ်ပြုလုပ်ကြပြီး မြိတ်မြို့ပေါ်ရှိ ဈေးများနှင့် ပျံကျ ဈေးများ၌ ရောင်းချလျက်ရှိ ကြကြောင်း၊ ကိုဗစ်ကာလဖြစ်၍ အသွားအလာနည်းပါးလာပြီး လာရောက် ရောင်းချသူနှင့် ဝယ်ယူသူ(၃)ပုံ(၁)ပုံခန့် ကျဆင်းသွားကြောင်း၊ ငါးအရောင်း အဝယ်ဈေးနှုန်းအနေဖြင့် ယခင်ကထက်ဈေးကျဆင်းသွားကြောင်း ငါးရောင်းချ သူများထံမှ သိရသည်။

 

“ ကိုဗစ်ဖြစ်ပေမယ့် ရေလုပ်ငန်းက ပင်လယ်ပြင်မှာ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှုမရှိ၍ ငါးဖမ်းရရှိမှု အနေနဲ့ ထိခိုက်မှုမရှိဘူး။ ကမ်းနီးငါးဖမ်းလှေက ရာသီပိတ်မရှိပါဘူး။ (၁၂)လရာသီလုံး ဖမ်းနေရတော့ စားသုံးဖို့ ငါးရရှိမှုအနေနဲ့ ပြည့်စုံပါတယ်။ ကမ်းနီးလှေငယ်လေးတွေမှ ဖမ်းဆီးရမိတဲ့ ငါး၊ ပုစွန်၊ ကဏန်းရှိပါတယ်။  ကမ်းဝေးငါးဖမ်းလှေမှလည်း ဒေသတွင်း စားသုံးဖို့  ဝင်လာတာ အနည်းငယ် ရှိပါတယ်”ဟု မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးရန်ကင်း က ပြောသည်။

 

ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်ကာလ ပြန်လည်ဦးမော့လာစေရေး၊ ငါးစားသုံးမှုနှင့် ရေလုပ်သားများ၏ အလုပ်အကိုင် အခွင့်အလှမ်းရရှိစေရေးအတွက် ငါးဖမ်းရာသီပိတ်အချိန်ထက်စောပြီး ဖြေလျော့ ပေးခဲ့ကြောင်း၊ ရာသီပိတ်ကာလထက်စော၍ လုပ်ငန်းအမျိုးအစားတစ်ခုခြင်းအလိုက် ငါးဖမ်းလှေ(၅၀) ရာခိုင်နှုန်းကို ဖြေလျော့၍ ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

“ ငါးအရောင်းအဝယ်အနေနဲ့ ကိုဗစ်ကာလဖြစ်နေ၍ မနက်(၁၁)နာရီမှာ အရောင်းအဝယ်ပြုလုပ်ကြပြီး ဈေးတွေနဲ့ ပျံကျဈေးတွေမှာ ပြန်ပြီးအချိန်ပိုင်းနဲ့ရောင်းချကြပါတယ်။ နယ်တွေဘက်အရောင်းအဝယ် သိပ်မရှိ တော့ဘဲ မြို့တွင်းစားသုံးမှုပဲရှိတော့ အရောင်းအဝယ်ပါးပါတယ်။ ငါးဈေးလည်းအနည်းငယ် ကျသွားပါတယ်။ တချို့ဆိုရင် နားနေကြပါတယ်။ အရင်တုန်းက ရောင်းအားကောင်းကြပါတယ် ” ဟု ‌ငါးဈေးမှ တာဝန်ရှိသူ ဦးကျော်ခိုင် က ပြောသည်။

 

ပြည်သူများစားသုံးလျက်ရှိသည့် ငါးများကို ယခင်က ငါးဈေးတွင် နေ့လယ်ပိုင်း၌ အရောင်းအဝယ်ပြု လုပ်ကြ၍ မြို့တွင်းစားသုံးသူများအတွက် ဈေးကြီးများနှင့် ပျံကျဈေးများတွင် ရောင်းချလျက်ရှိကြပြီး ကျေးရွာများနှင့် တခြားဒေသများသို့ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် လိုက်လံ ရောင်းချကြကြောင်း၊ လက်ရှိအချိန် တွင် ကိုဗစ်ကာလဖြစ်သောကြောင့် အသွားအလာအခက်အခဲဖြစ်၍  ငါးရောင်းချသူ ဝယ်ယူသူများ ယခင်ကထက် နည်းပါးခဲ့၍ ငါးဈေးနှုန်းလည်း အနည်းငယ် ကျဆင်း သွားကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

No comments:

Post a Comment