Monday, May 10, 2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း စားသုံးဆီတင်သွင်း၊ ဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

 


 နေပြည်တော် မေ ၁၀

စားသုံးဆီတင်သွင်း၊ ဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပ သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်း၌ ဆီထွက်သီးနှံ စိုက်ပျိုး ထွက်ရှိမှုနှင့် ထုတ်လုပ်မှုများ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ပြည်တွင်းသို့ တင်သွင်းဖြန့်ဖြူး ရောင်းချစေရေးအတွက် “စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ” ဖွဲ့စည်း၍ ဆောင်ရွက်ထားရှိမှု၊ ဈေးကွက်အတွင်း သင့်တင့် မျှတသည့် ဈေးနှုန်းဖြင့်ရောင်းချရေး ထိန်းကျောင်းဆောင်ရွက်နေမှု၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ထွက်ပေါ်လာသည့် ရလဒ်များအပေါ် ဆောင်ရွက်ပြီးစီးမှု များနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ပြည်ပမှတင်သွင်းသည့် စားအုန်း ဆီအရည်အသွေး ပြင်ဆင်သတ်မှတ်ထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး စားအုန်းဆီဈေးနှုန်းသည်လည်း ယခင်နှစ်ထက်နှစ်ဆခန့် ပိုမိုမြင့်တက် ခဲ့ပါကြောင်း၊ စားအုန်းဆီအဓိက ထုတ်လုပ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် လက်ကျန်လျော့နည်းလာပြီး စားအုန်းဆီ စက်ရုံများလည်း အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိ သေးသည့်အတွက် ထုတ်လုပ်မှုလျော့နည်းလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုပြင်းထန်လာမှုကြောင့် အိန္ဒိယနိုင်ငံ အပါအဝင် ဥရောပ နိုင်ငံများမှ  စားနပ် ရိက္ခာများကို ပိုမိုဝယ်ယူစုဆောင်း လာသည့်အတွက် ဝယ်လိုအားများပြားလာပြီး ကမ္ဘာ့ စားအုန်းဆီ ဈေးနှုန်းမြင့်တက်လျက်ရှိပါကြောင်း၊ အသင်းအနေဖြင့် စားသုံးဆီ တင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့်  ပူးပေါင်း၍ ပြည်သူများ စားသုံးဆီ သုံးစွဲမှု မှန်ကန်စေရေး အသိပညာပေးဟောပြောပွဲများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများသင့်တင့် မျှတသည့် ဈေးနှုန်းဖြင့် ရောင်း ချစေရေး ဝိုင်းဝန်းထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး အနာဂတ်ကာလတွင် ထုတ်လုပ် မှု၊ တင်သွင်းမှု၊ ဖြန့်ဖြူးမှုအပိုင်းများတွင် ပိုမိုစနစ်တကျ ဖြစ်စေရေးနှင့် ထုပ်ပိုးမှုစနစ်များ ပိုမိုကောင်းမွန်လာစေ ရေးကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင် ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက  စားသုံးဆီ ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ဖြန့်ဖြူးမှု အခြေအနေများအပေါ် ဝိုင်းဝန်းဆွေးနွေးကြပြီး လိုအပ်သည် များကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)

No comments:

Post a Comment