Monday, May 10, 2021

စိုက်ပျိုးစီးပွား လုပ်ငန်းရှင်များဖြစ်ကြသည့် တောင်သူလယ်သမားများ၏ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များ ပံ့ပိုးကူညီ

 




နေပြည်တော် မေ ၁၀

နိုင်ငံတော်က ချမှတ်ထားသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ မူဝါဒများနှင့်အညီ စီမံကိန်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအကြား အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မေ ၉ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်များဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး နှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး ၊ လယ်ယာသားငါး ထုတ်လုပ်မှု တိုးတက်ရေးနှင့် တန်ဖိုးမြင့် ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး၊ ဒေသအလိုက် လယ်ယာသားငါးထွက်ကုန် အခြေခံသော စက်မှုဇုန်များပေါ်ထွန်းလာရေး ထုတ်လုပ်မှု၏ အဓိက မောင်းနှင်အားဖြစ်သော ပုဂ္ဂလိကကဏ္ဍ ပိုမို ဖွံ့ဖြိုးလာစေရန်နှင့် လုပ်သာကိုင်သာရှိစေရန် လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးမှုလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေး ဆန်စပါးထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ဆန် စက်ပိုင်များ တောင်သူများ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်တွင် သွင်းအားစုကုမ္ပဏီများ ပူးပေါင်းပါဝင်ခြင်း ဖြင့် သုံးဦးသုံးဖလှယ် အကျိုးရှိနိုင်မှု၊ ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး သုံးလက်မအရွယ် ငါးသားပေါက်ကောင်ရေ တစ်သိန်းကို ငဝန်မြစ် အတွင်း ငါးမျိုး စိုက်ထည့်ပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင် ဦးတင်အေးနှင့် အဖွဲ့သည် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိ သူများအား ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာ သားငါးထုတ်လုပ်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီးတွင် တာဝန်ယူဆောင်ရွက်လျက်ရှိနေကြသော နိုင်ငံ့ ဝန်ထမ်း များအနေဖြင့် ခေတ်မီ အီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာများကို အကျိုးရှိ ထိရောက်စွာ အသုံးပြုပြီး မိမိတို့လုပ်ငန်းတာဝန်များ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တီထွင်ကြံဆ ဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာ ကုန်ထုတ်လုပ်မှုတွင် အဓိကအရေးပါသည့် စိုက်ပျိုးစီးပွားလုပ်ငန်းရှင်များ ဖြစ်ကြသော တောင်သူ လယ်သမားများ၏ လုပ်ငန်းဆောင်တာများ အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးသကဲ့သို့ တောင်သူတစ်ဦး တစ်ယောက်ချင်း လုပ်ကိုင်ဆောင်ရွက်မှုမှ အစုအဖွဲ့ပုံစံဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကငွေကြေး ရင်းနှီးမြုပ်နှံမှုများကို ကျေးရွာ အရောက် ဆက်စပ်  ပို့ဆောင်ပေး ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ လယ်ယာသား ငါးအခြေပြု စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြည်တွင်းစားသုံးမှုဖူလုံရေး  ပြည်ပဝင်ငွေရရှိရေးအတွက် အစိုးရနှင့် လုပ်ငန်းရှင်များ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေး၊ ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်အတွက် ချေးငွေရရှိ ရေးနည်းလမ်းများ၊ မျိုးစေ့လုပ်ငန်း ပိုမိုဖွံ့ဖြိုးရေး အတွက် နိုင်ငံတကာနှင့်ပူးပေါင်း၍ နည်းပညာအဆင့်မြှင့်တင်ရေး  မျိုးစေ့ဈေးကွက် သတင်းအချက် အလက် ချိတ်ဆက်ဆောင်ရွက်ရေး၊ ဈေးကွက်က ဦးဆောင်သည့် စားသုံးသူ လိုချင်သည့် အရည်အသွေး ပြည့်မီသော ထုတ်ကုန်များ ၊ ကုန်ကြမ်းရောင်းချမှုမှ တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်ရေး ကူးပြောင်းရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ ကိုးဆူကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး မြေသားလမ်း၊ ဂဝံလမ်းခင်းနေမှု၊ တံတား တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ကိုးဆူကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးခြင်း ကြောင့် အဆိုပါလမ်းဘေးဝဲယာရှိ စုစုပေါင်း လယ်မြေဧက ၃၂၆ ဧကအတွက် လယ်ယာသုံး စက်ကိရိယာများ လွယ်ကူစွာ ဝင်ထွက်နိုင်ခြင်း၊ အနီးဝန်းကျင် ကျေးရွာအချင်းချင်း လမ်းခရီးသာယာစွာ သွားလာနိုင်ခြင်း၊ ရိတ်သိမ်းပြီး သီးနှံများ သယ်ယူပို့ဆောင်ရန် အဆင်ပြေ ချောမွေ့ စေခြင်းတို့ကြောင့် ဒေသဖွံ့ဖြိုးမှုကို များစွာ အကျိုးပြု နိုင်မည် ဖြစ်သည်။

ကိုးဆူကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု လုပ်ငန်းခွင်၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လယ်ယာကုန်ထုတ်သမအသင်းများ ထူထောင်ဆောင်ရွက် နိုင်ရေးနှင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်လုပ်ကိုင်နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြား သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟင်္သာတမြို့ ကမ်းနားဖြတ်တာ တည်ဆောက်မှု လုပ်ငန်းအား ကြည့်ရှုစစ်ဆေး ကြသည်။

ဧရာဝတီမြစ်ကြောင်း ကမ်းစားပြောင်းလဲလာမှုကြောင့် ဟင်္သာတမြို့ ဘက်အခြမ်းသို့ ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း ကမ်းစားနှုန်း ၂၇၅ ပေ ရှိသော်လည်း ၂၀၁၉ ခုနှစ် တွင် ၅၂၂ ပေ ထိရှိခဲ့ပြီး ၂၀၂၀ ခုနှစ် တစ်နှစ်အတွင်း ကမ်းစားနှုန်း ၁၀၂၄ပေ ရှိခဲ့၍ ဦးမိုးလေးတာမှာ ဧရာဝတီ မြစ်အလယ်တွင် ရောက်ရှိခဲ့ကြောင်း၊ ယင်းအခြေအနေကြောင့် လာမည့်မိုးရာသီတွင် ဟင်္သာတမြို့ ရေဘေးကာကွယ်ရေး အတွက် ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာ ဆုံချက်၏ အတွင်း ၌ အလျား ပေ ၃၅၀၀ ၊ ပျမ်းမျှအမြင့် ၁၆ ပေ ၊ တာထိပ်အကျယ် ၁၆ ပေ ရှိ ဖြတ်တာ တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်း ပြောင်းလဲလာမှုကို ထိန်းသိမ်း ပြုပြင်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ရေဘေးကာကွယ် ရေးတာတမံ (၆၄)ခု တာဝန်ယူ တည်ဆောက် ထိန်းသိမ်းထားရှိကြောင်းနှင့် စုစုပေါင်း ရေဘေးကာကွယ်ရေး ဧကတစ်ဆယ့် ခုနစ်သိန်းကျော်


ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment