Monday, May 10, 2021

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အင်းစိန်မြို့နယ်၊အမြဲတမ်း ပျိုးဥယျာဉ်ရှိ ပျိုးပင်ကြီးများ ပျိုးထောင်ထားရှိမှု ကြည့်ရှုစစ်ဆေး

 


 နေပြည်တော် မေ ၁၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သစ်တောဦးစီးဌာနမှ တည်ထောင် ထားသော အမြဲတမ်း ပျိုးဥယျာဉ်ရှိ ပျိုးပင်ကြီးများ ပျိုးထောင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် မြန်မာ့သစ်လုပ်ငန်းရုံးချုပ်၏ ရုံးလုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၊ တော်ဝင်ခန်းမသို့ ရောက်ရှိရာ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မြန်မာ့သစ်လုပ်ငန်း၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းရှိ ဌာနများအလိုက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ရည်မှန်းချက်များအောင်မြင်အောင်ဆောင်ရွက်ရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တွင် သစ်ထုတ်ခြင်းအား(၁)နှစ် ရပ်နားမည်ဖြစ်သဖြင့် ယာဉ်/ယန္တရားများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် SOP များ၊ ဌာနဆိုင်ရာ ညွှန်ကြားလွှာများနှင့်အညီ ဆောင်ရွက်နိုင်ရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်၊ သစ်ထုတ်ပြီး သစ်ကွက်များတွင် သဘာဝတန်ဖိုးမြှင့်ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းလုပ်ငန်း Enrichment Planting – EP ကို အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားရန်၊ မြန်မာ့ သစ်လုပ်ငန်းက တည်ထောင် စိုက်ပျိုးထား သည့် ကျွန်း/သစ်မာစိုက်ခင်းများ ထိန်းသိမ်း ခြင်းနှင့် စိုက်ခင်းသစ် တည်ထောင်ခြင်းများကို ဆက်လက် ဆောင်ရွက်သွားရန်၊ သစ်အခြေခံ စက်မှုလုပ်ငန်းတွင် သစ်အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာအောင် အထူးအလေးပေး ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲခြင်းများနှင့် ပတ်သက်၍ ကာကွယ်ထိန်းသိမ်းခြင်းအား အမျိုးသား ရေးတာဝန် တစ်ရပ်အဖြစ် မူဝါဒချမှတ်ထားသည့်အတွက် တိကျစွာလိုက်နာ ဆောင်ရွက်သွားရန် မှာကြား သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်တထောင်မြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးရုံးရှိ လေအရည်အသွေး တိုင်းတာရေးစက်အား ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် One Stop Service ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုနှင့် သီလဝါ အထူးစီးပွားရေးဇုန် One Stop Service Centre – OSSC ရုံး၊ ပတ်ဝန်းကျင်ဌာန၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

No comments:

Post a Comment