Thursday, May 13, 2021

လူဦးရေဆိုင်ရာ စာရင်းအင်းများလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


                                                          နေပြည်တော် မေ ၁၂

လူဦးရေဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့ (Demography Cluster) ၏ (၁/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဓိကပံ့ပိုး

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လူဦးရေဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်း စနစ်၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီမှ ဦးဆောင်ပြီး ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ကြီး ၁၀ ဖွဲ့ဖြင့် ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ လုပ်ငန်းအဖွဲ့တစ်ခု ဖြစ်သည့်လူဦးရေဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့ကို သက်ဆိုင်ရာ ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းညွှန်းတမ်းရေး ဆွဲနိုင်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် National Indicator Framework (NIF) တွင် Indicator ရှစ်ခုကို အဓိက ပံ့ပိုးပေးလျက်ရှိသကဲ့သို့ အခြား ဌာန များနှင့် ပူးပေါင်း၍ Indicator လေးခုကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယခုညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ မိမိတို့ဌာနအလိုက် စာရင်းအင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆွေးနွေးပေးကြစေလိုကြောင်း၊ ယခုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ရလဒ်များ ကို မကြာမီကျင်းပ ပြုလုပ်မည့် စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ကဏ္ဍအလိုက် ပူးပေါင်း

ဆက်လက်၍ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက လူဦးရေဆိုင်ရာ စာရင်းအင်းများလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညွှန်းတမ်း (မူကြမ်း) နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ စာရင်းအင်းဆိုင်ရာ လုပ်ငန်းများ အားရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ လူဦးရေဆိုင်ရာစာရင်းအင်းများ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗဟို စာရင်းအင်းအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ် သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုး သားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီး ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment