Thursday, May 13, 2021

ရန်ကုန်အခြေခံပညာကျောင်းများ လာမည့်ပညာသင်နှစ်တွင် အခက်အခဲမရှိ သင်ကြားနိုင်ရေး အဆင်သင့်ဖြစ်နေ

                                                               

        

                                                           ရန်ကုန် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းများအားလုံး ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လာမည့် ၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါထက်၊ လယ်၊ မူကျောင်း များအားလုံး အခက်အခဲမရှိ ဖွင့်လှစ်သင်ကြားနိုင်ရေး အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

“ရန်ကုန်တိုင်းသကြီးအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ဖို့ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေ အနေနဲ့ ကျောင်းသားမိဘပြည်သူတွေသိဖို့ ကျောင်းအပ်နှံရေး ပိုစတာတွေ မြို့နယ်ကျောင်းတိုင်းမှာ ဖြန့်ဝေပြီး အများမြင်သာအောင် ကပ်ထားပြီးပါပြီး ကျောင်းလက်ခံတဲ့အချိန်မှာ အခကြေးငွေတွေ ကောက်ခံမယ်ဆိုတဲ့ သတင်းအမှားတွေကြောင့် မည်သည့်အခကြေးမှ ကောက်ခံခြင်းမရှိဘဲ အခမဲ့ ပညာသင်ကြားရေးဆိုတာသိအောင် ကြော်ငြာသင်ပုန်းကပ်ပြီး ကျောင်းတိုင်းမှာ ကြော်ငြာထား ပါတယ်။ အဲဒီလို ကြော်ငြာသင်ပုန်းတွေ ကပ်တဲ့အခါမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီက ဦးဆောင်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်း ပြီး အများမြင်သာအောင် လုပ်ဆောင်ထားပြီးပါပြီ၊ ကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ လုံခြုံရေးက နံပါတ် ၁ ဖြစ်လို့လည်း အထူးစီမံ ဆောင်ရွက်နေပါတယ်"  ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်နှင်းကြည်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့်အတိုင်း ယခုမေလ ၂၄ ရက်မှ ၃၁ ရက်အထိ အခြေခံပညာကျောင်း တန်းစဉ် အသီးသီးကို ကျောင်းအပ်လက်ခံပေးမည်ဖြစ်ပြီး လာမည့် ဇွန် ၁ ရက်တွင် ၂၀၂၁-၂၀၂၂ နှစ်၏ ပညာသင်ကြားရေး လုပ်ငန်းစဉ်များကို စတင် လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။ ယင်းသို့ ကျောင်း များ ဖွင့်လှစ်ရာတွင် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ နှင့်ပူးပေါင်း၍ လုံခြုံရေးအတွက် အတွင်းစည်း၊ အပြင်စည်းများထားရှိကာ ဆောင်ရွက်မည်ဖြစ်ပြီး CDM လှုပ်ရှားမှုပါဝင်ခဲ့သော ရုံးဝန်ထမ်းများနှင့် သင်ကြားရေး ဆရာ ဆရာမများကိုလည်း မေ ၅ ရက်မှ စတင်ကာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ရေး စိစစ်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးမှ ပညာရေး ဝန်ကြီးဌာန၏ ရုံးဝန်ထမ်းနှင့် သင်ကြားရေးဝန်ထမ်း များ၏ CDM လှုပ်ရှားမှုမှာ ၂၈ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ယခုစိစစ်မှုများ ပြုလုပ်လျက်ရှိရာတွင် ပြန်လည်ဝင်ရောက် ထမ်းဆောင်မှုများ ရှိနေကြောင်းနှင့် အကယ်၍သင်ကြားရေးကဏ္ဍတွင်ဆရာဆရာမ လိုအပ်မှုရှိပါကလည်း အဆင်သင့် ဖြည့်ဆည်းနိုင်အောင် စီစဉ်လျက်ရှိကြောင်း သိရသည်။

“CDM နဲ့ပတ်သက်လို့ မေ ၃ ရက်မှာ ရုံးဝန်ထမ်းရော သင်ကြားရေးဝန်ထမ်း အားလုံး တက်ရောက်မှု ကို စစ်လိုက်တဲ့အခါမှာ CDM လုပ်တဲ့ အင်အားက ၂၈ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး စာရင်းကောက်တဲ့ အချိန်မှာ ပြန်ဝင်ရက်ဖို့ ကမ်းလှမ်း တာတွေရှိတော့ အခုချိန်မှာ ရာခိုင်နှုန်းအဲဒီလောက်တောင် မရှိတော့ဘူး၊ ကျောင်းတိုင်းမှာ ဆရာ ဆရာမတွေ ရှိနေမှာပါ။ ကျောင်းသားနဲ့ သင်ကြားရေး ဝန်ထမ်းပေါ်မူတည်ပြီး လိုအပ်ရင် လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လည်း စီစဉ်ထားတယ်။ တချို့ သတင်းအမှားတွေကြောင့် ပြန်မဝင်ရဲကြဘူး။ အခုတော့ ပညာရေးဝန်ထမ်းတွေကတစ်ဆင့် သတင်းအမှန်တွေကြားတော့ အခုဆို ဆရာ ဆရာမ တော်တော်များများ ပြန်ဝင်လာကြတယ်။ အခြေခံ ပညာကတော့ သူ့အသက်အပိုင်းအခြားနဲ့ ပညာသင်ယူရမှာဖြစ်တော့ ကျောင်းသားတွေ အနေနဲ့ မလာဘူး။ ကျောင်းမတက်ဘူးဆိုရင် သူတို့ပဲနစ်နာသွားမယ်။ အခုတောင် ကိုဗစ်-၁၉ ကြောင့် တစ်နှစ် နစ်နာဆုံးရှုံးရပြီ၊ ထပ်ကျောင်းမတက်ဘူးဆိုရင် ထပ်နစ်နာရုံပဲ ရှိမယ်။ အခုလည်းပဲ ကျောင်းတွေ ပြန်ဖွင့်ရင် ပညာရေးဌာနတစ်ခုတည်း မဟုတ်ဘဲ ကျောင်းသားမိဘ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့ ရပ်ကွက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အားလုံးပူးပေါင်း ဆောင်ရွက်မှာ ဖြစ်တယ်” ဟု တိုင်းပညာရေးမှူးက ထပ်မံပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုအခါ အထက် တန်းကျောင်း ၄၀၈ ကျောင်းမှ ကျောင်းသား ၁၅၁၁၂၇ ဦး၊ အလယ်တန်းကျောင်း၆၆၂ ကျောင်းတွင် ကျောင်းသားဦးရေ ၃၇၃၈၆၁ ဦးနှင့် မူလတန်း ကျောင်း ၈၈ ကျောင်းတို့တွင် ကျောင်းသားဦးရေ ၅၁၃၈၆၆ ဦး စုစုပေါင်း ကျောင်းသား ၁၀ သိန်း ကျော် တက်ရောက်ပညာ သင်ယူကြမည်ဖြစ်သည်။ ဆရာ ဆရာမ ဦးရေမှာလည်း မူလတန်းပြ ၁၅၁၈၈ ဦး၊ အလယ်တန်းပြ ၁၆၀၅ ဦး နှင့် အထက်တန်းပြ ၅၁၀၆ ဦးရှိကာ လာမည့် ၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်တွင် အခက်အခဲမရှိ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများ မကြာခဏ လက်ဆေးနိုင်ရန် စီစဉ်ထားခြင်း၊ ကျောင်းသား တစ်ဦးလျှင် ပြန်လည်အသုံးပြု Mask နှစ်ခုနှုန်း၊ Face shield နှင့် ကျောင်းသုံး ဖတ်စအုပ်များအပြင် ဗလာစာအုပ် ခဲတံ၊ ဘောပင်တို့ကို ပညရေးဝန်ကြီးဌာနမှ ကျောင်းများသို့ အခမဲ့ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင် (မြန်မာ့အလင်း)

No comments:

Post a Comment