Sunday, May 9, 2021

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရခိုင်ပြည်နယ်အတွင်းရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

 

နေပြညတော် မေ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် မေ ၈ ရက်  နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ၂၃၀ ကေဗွီ တောင်ကုတ်(ဘာယေ) ပင်မဓာတ်အားခွဲရုံတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူဌေးရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်တွင် တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း က စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကိုတင်ပြရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လက်ရှိဆောင်ရွက်လျက်ရှိသော စီမံကိန်းများ ဆက်လက်၍ အရှိန် အဟုန်မပျက်ဆောင်ရွက်သွားရန်နှင့် ထပ်မံလိုအပ်လာမည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးအတွက် ပြန်ပြည့်မြဲစွမ်းအင်များဖြစ်သည့် ရေအား၊ဆိုလာတို့ဖြင့် ထုတ်လုပ်သည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ညွှန်ကြားထားရှိသည့် အလျောက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရရှိသည့်ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်အချိန်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျအသုံးပြုသွားရန်နှင့်  လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန်၊  ဌာနပိုင် ယာဉ်ယန္တရားကြီး များကိုလည်း ရေရှည်အသုံးပြုနိုင်ရန်အတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများအား ဆောင်ရွက်သွားကြရန်၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ရရှိသုံးစွဲနိုင် စေရေးအတွက် ဆောလျင်စွာပြီးစီးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်၊ စီမံကိန်း ပြီးစီးပါကလည်း ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ ဒေသအခြေခံခရီးသွား လုပ်ငန်းများကို အထောက်အကူဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းဆောင် ရွက်ရေးတို့ကို ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းနှင့် ထပ်မံလိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်ရန်အတွက် ပြန်ပြည့်မြဲစွမ်းအင်များဖြစ်သည့် ရေအား၊ ဆိုလာတို့ဖြင့် ထုတ်လုပ်သည့် စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး (၁၁၁)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ် ဓာတ်အားကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်ဒေသများသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်သည်။ ယခုအခါ စီမံကိန်း၏ ၆၅ ဒသမ ၄၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ ယခုနှစ် စက်တင်ဘာလကုန်တွင် ၇၈ ဒသမ ၇၇ ရာခိုင်နှုန်းအထိ ပြီးစီးမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အမြန်ဆောင်ရွက်ပြီးစီးစေရေး အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အလားတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တည်ဆောက်လျက်ရှိသော အထက်ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်း သည် ၆၃ ဒသမ ၉၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် ၄၈ ဒသမ ၆၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အလယ်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းသည် ၆ ဒသမ ၁၄ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးဆောင်ရွက် ပြီးစီးလျက်ရှိကာ ယခုဘဏ္ဍာရေးနှစ်ကုန်တွင် သတ်မှတ်ရာခိုင်နှုန်းများအတိုင်း ပြီးစီးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းဧရိယာအတွင်း တမံတည်ဆောက်နေမှု၊ ရေယူအဆောက်အဦ ဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံတည်ဆောက်နေမှု၊ စက်မှု၊ လျှပ်စစ်တပ်ဆင်ရေး ပစ္စည်းများထားရှိသည့် သိုလှောင်ရုံဝင်း၊ ရခိုင်ရိုးရာအိ မ်ပုံစံငယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပင်မတမံရေဝပ်ဧရိယာအတွင်း ကျရောက်သော ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာများ ရွှေ့ပြောင်းနိုင်ရေး ပြန်လည်နေရာချထားမည့် မြေနေရာအား အသေးစိတ်ကြည့်ရှု၍ ဒေသခံရွှေ့ပြောင်းမိသားစုများကို ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာများလျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများ ဆောက်လုပ်ပေးနိုင်ရေး စနစ်တကျဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ကေဗွီ တောင်ကုတ်(ဘာယေ)ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အား ပြတ်တောက်မှုလျော့နည်းကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် မေ ၇ ရက် ညနေပိုင်းကလည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ် တောက်မှုလျော့နည်းကျဆင်းရေး၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျည်းစည်းကမ်းများကို တိကျစွာ လေးစားလိုက်နာကြရန်၊ မိမိတို့ဒေသအား လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန် နည်းလမ်း မျိုးစုံဖြင့်စဉ်းစား၍ စီမံဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင်စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။  (သတင်းစဉ်)


 

No comments:

Post a Comment