Monday, May 10, 2021

ပြည်သူအများ အေးချမ်းစွာ လာရောက်အပန်းဖြေသော တိုင်းရင်းသားကျေးရွာမှ နိုင်ငံတော်အခွန် သိန်းပေါင်း ၅၀၀၀ ကျော် နှစ်စဉ်အခွန်ထမ်းလျက်ရှိ

 ရန်ကုန် မေ ၉

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ကြီးကြပ်စီမံလျက်ရှိသော ရန်ကုန်မြို့ သာကေတ မြို့နယ်အတွင်းရှိ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာကြီးမှာ နှစ်စဉ်နိုင်ငံတော်ဘဏ္ဍာငွေကျပ်  သိန်းပေါင်း ၅၀၀၀ ကျော် အခွန်ထမ်းလျက်ရှိပြီး မေ ၂ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ယခုအခါ ပြည်သူအများ အေးချမ်းစွာ လာရောက် | အပန်းဖြေလျက်ရှိကြောင်း သိရသည်။

“ဒီပြည်ထောင်စု တိုင်းရင်းသားကျေးရွာက နှစ်စဉ် နိုင်ငံတော်ကိုဘဏ္ဍာအခွန်ငွေကျပ်သိန်းပေါင်း ၅၀၀၀ ကျော် အခွန်ထမ်းလျက်ရှိပါတယ်။ ကိုဗစ်၁၉ ကာလမတိုင်ခင်ကဆို နေ့စဉ်လိုလို လူစည်ကားတယ်။ နိုင်ငံတော် ရုံးပိတ်ရက်တွေဖြစ်တဲ့ အခါကြီး၊ ရက်ကြီးတွေနဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာတော့ လာရောက်လည်ပတ်ကြတာ ကြိတ်ကြိတ်တိုးပေါ့။ ဒီမှာက လေကောင်းလေသန့်လည်းရ၊ ကလေး ကစားကွင်းလည်းရှိ၊ အရိပ်အာဝါသကလည်း ကောင်းတော့ တစ်နှစ်ထက်တစ်နှစ် လာရောက် လည်ပတ်လေ့လာကြတဲ့သူတွေ ပိုများလာတာကို သတိထားမိတယ်။ အခုလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်နဲ့အညီ ပြန်ဖွင့် လိုက်တာ လေးငါးရက်အတွင်းမှာပဲ လာရောက် လည်ပတ်ကြတဲ့သူတွေ နေ့စဉ်လိုလို ရှိနေတာပဲ" ဟု ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်း က ပြောသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်မှ စတင်ကာကိုဗစ်-၁၉ကပ်ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားခဲ့ရသည်။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သား အဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်၊ ရန်ကုန် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြု ချက်တို့ဖြင့် ပြီးခဲ့သော မေ ၂ ရက်က ဖွင့်ပွဲအခမ်းအနားကျင်းပကာ မေ ၃ ရက်မှ စတင်၍ ပြည်သူအများ လာရောက်အပန်းဖြေလေ့လာနိုင်ရန် ပြန်လည်၍ စတင်ဖွင့်လှစ်ပေးခဲ့သည်။ ဝင်ကြေးအနေဖြင့် လူကြီး ငွေကျပ် ၅၀၀၊ နိုင်ငံခြားသားတစ်ဦး ငွေကျပ် ၃၀၀၀ နှုန်းဖြင့်ကောက်ခံလျက်ရှိပြီး ၁၀ နှစ်အောက်ကလေးများနှင့် ရဟန်း၊ သံဃာ၊ သီလရှင်တို့အားအခမဲ့ဝင်ရောက် အပန်းဖြေလေ့လာခွင့်ပြုလျက်ရှိသည်။

ကျွန်မတို့က ဒေါပုံကနေ မိသားစုလိုက်လာပြီး လည်ပတ်အပန်းဖြေ ကြတာပါ။ ဒီနေ့က အလုပ်တွေလည်းပိတ်၊ အိမ်က တိုက်ခန်းဆိုတော့ ပူလည်းပူတာနဲ့ အခုလို လာလည်ဖြစ်တာပါ။ ကလေးကစားကွင်းတွေ လည်းရှိတော့ ကလေးတွေအတွက်လည်း ပိုအဆင်ပြေတယ်လေ။ ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်ခင်ကလည်း ဒီပြည်ထောင်စုတိုင်းရင်းသား ကျေးရွာကို မိသားစုလိုက် မကြာခဏ အခုလို လာရောက်ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဖွင့်ပွဲအပြီး ပထမဆုံး လာရောက်ဖြစ်တာပေါ့။ ကျွန်မတို့ ပြည်သူတွေအနေနဲ့ကတော့ အခုလို အေးအေးချမ်းချမ်းလာရောက် အပန်းဖြေရတာကြိုက်တယ်။ အိမ်နဲ့လည်း သိပ်အလှမ်းမဝေးတော့ အဆင်ပြေပါတယ်။ အခုလို အေးအေးချမ်းချမ်း လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ် ဟု ဒေါပုံမြို့နယ်အတွင်းမှ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ မိသားစုအလိုက် လာရောက်အပန်းဖြေလည်ပတ်သည့် ဒေါ်မိုးမြင့်လွင် က သူ့အမြင်ကို ပြောကြားသည်။

ပြည်ထောင်စုတိုင်းရင်းကျေးရွာ (ရန်ကုန်) သည် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ရန်ကုန်- သန်လျင်တံတားအနီး ပဲခူးမြစ် ကမ်းခြေတစ်လျှောက်တွင် တည်ရှိကာ ဧရိယာအကျယ်အဝန်းမှာ ၁၁၇ ဧက ရှိသည်။ နိုင်ငံတော်မှ ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ စာပေ၊ ရိုးရာ၊ ယဉ်ကျေးမှုများကိုအခြားတိုင်းရင်းသားများက တစ်နေရာတည်းတွင် လေ့လာသိရှိနိုင်ရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာ၊ ဓလေ့ထုံးစံများကို လေ့လာသိရှိခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုများဖြစ်ပေါ်ကာ ထာဝရငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်ဖြင့် အဆိုပါ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်


 

No comments:

Post a Comment