Sunday, May 9, 2021

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သံလျင်အမှတ်(၁၀) သစ်စက်နှင့် သစ်စိုက်ခင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ မြန်မာ့ သစ်လုပ်ငန်း၊ အမှတ်(၁၀)သစ်စက်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အထွေထွေ မန်နေဂျာများနှင့် စက်ရုံမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ သစ်အခြေခံစက်မှုလုပ်ငန်းဌာနတို့ ညှိနှိုင်းပေါင်းစပ်၍ ပြည်တွင်း / ပြည်ပဝင်ငွေရရှိစေရေး အတွက် ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ၊ ဝယ်လိုအားရရှိမှု အပေါ်မူတည်၍ လပ်ပုံတင်ဒါ ပမာဏကို ချိန်ဆဆောင်ရွက်ရန်၊ ကျွန်းနှင့်သစ်မာ တင်ဒါကိစ္စရပ်များ ပိုမိုအဆင်ပြေချောမွေ့စေရေး၊ စနစ်တကျဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံပိုင်သစ်စက် များတွင် ကုန်ကြမ်းခွဲသား၊ တဝက်တပျက်ကုန်ချောနှင့် တန်ဖိုးမြှင့်ကုန်ချောခွဲသားများကို Outturn ကောင်းမွန်၍ Operating Ratio (OR) ကောင်းမွန်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဘေးထွက်ပစ္စည်းများမှ ကုန်ချောထုတ်လုပ်ရေးဆောင်ရွက်ရန် ၊ဈေးကွက်အခြေအနေ၊ ဝယ်လိုအား၊ ခွဲသားထုတ်လုပ်မှုနှင့် ကုန်ချောလက်ကျန် အခြေအနေများကို ကော်မတီဖွဲ့၍ လစဉ် Monitoring ပြုလုပ်ရန်၊ သစ်ထုတ်ရေးဌာန အနေဖြင့်လည်း တောတွင်း သစ်ထုတ်စဉ်ကတည်းက Standard Operating Procedure – SOP ပါ အချက်များအတိုင်း စနစ်တကျဆောင်ရွက်ရန်နှင့် ဌာနစက်ရုံများမှထုတ်လုပ်သော သစ်အချောထည် ပရိဘောဂများအား ဈေးကွက်တွင်ယှဉ်ပြိုင် ရောင်းချနိုင်ရေး အရည်အသွေးမြှင့်တင်ဆောင်ရွက်သွားရန်၊ နှစ်အလိုက် ရည်မှန်းချက် ဝင်ငွေရရှိရေး၊ အသုံးစရိတ်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ရုံး၏ စံနှုန်းနှင့်ညီညွတ်စွာသုံးစွဲရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ရည်မှန်းချက် တာဝန်ပြီး မြောက်အောင်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ အမှတ် (၁၀) သစ်စက်နှင့်  သစ်အခြေခံစက်မှုလုပ်ငန်းဌာန၊ အမှတ် (၁) နှင့် အမှတ်(၂) ပရိဘောဂ စက်ရုံ များ၏လုပ်ငန်းဆောင်ရွက်မှုများကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် သန်လျင်သစ်အခြေခံစက်မှုလုပ်ငန်းနယ်မြေရှိ မြန်မာ့သစ်လုပ်ငန်းက စိုက်ပျိုးတည်ထောင်ထားသော ကျွန်း၊ မန်ဂျန်ရှား၊ ဝါးနက်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)


 

No comments:

Post a Comment