Monday, May 10, 2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သဘာဝ ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေး

 


 ရန်ကုန် မေ ၁၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည်  ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦး ပရဟိတဂေဟာ ဆရာတော် ဦးပညာစာရ ထံသို့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

 အဆိုပါ ပရဟိတ ဂေဟာတွင် လက်ခံစောင့် ရှောက် ထားသော ကလေး (၃၇၁) ဦးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန၏ ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာ ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ်(၅၄၈ ဒသမ ၉၇)သိန်းကို ဆရာတော်ထံထောက်ပံ့ လှူဒါန်းခြင်း ဖြစ်သည်။

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်း ဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်)သို့ ရောက်ရှိခဲ့ပြီး မိုးကြိုကာလနှင့် မိုးဦးကာလတွင် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များအတွက်ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဖြန့်ခွဲထောက်ပံ့ နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် သိုလှောင်ရုံ တာဝန်ခံက ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)တွင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု (၁၅၀၀၀)စာ၊ ဒေသဖွံ့ဖြိုး ရေးသုံးပစ္စည်း များနှင့် အလှူပစ္စည်းများ၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး သိုလှောင်ရုံတွင် ကယ်ဆယ် ရေးပစ္စည်း အိမ်ထောင်စု (၅၀၀၀)စုစာ သိုလှောင်ထားရှိပါကြောင်း၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)မှ အောက်မြန်မာပြည်ရှိ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့အတွင်း တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် သိုလှောင်ရုံ စုစုပေါင်း(၅၀)သို့ ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းကို အဓိကပေးပို့ဖြည့်တင်းလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် သိုလှောင်ရုံများသို့လည်း အရေးပေါ်အခြေအနေနှင့် လိုအပ်ချက်ရှိမှုအပေါ် မူတည်၍ ပေးပို့ဖြည့်တင်း လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဗဟိုသိုလှောင်ရုံ(ရန်ကုန်)သည် အောက်မြန်မာ ပြည်အတွက် ကယ်ဆယ်ရေး ပစ္စည်းများ သိုလှောင်ထားရှိရာ ပင်မသိုလှောင် ရုံဖြစ်ပြီး ပင်လယ် ဆိပ်ကမ်းရှိသည့်အတွက် ပြည်တွင်းရှိ အခြားသိုလှောင် ရုံများအတွက် ပစ္စည်းများ ဖြန့်ခွဲပေးနိုင်သည့် အဓိက နေရာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းသည် မြစ်ချောင်းများပေါများခြင်း၊ ပင်လယ် ကမ်းရိုးတန်း များရှိနေခြင်းကြောင့် သဘာဝဘေး အန္တရာယ်ပိုမိုကျရောက်နိုင်ပြီး လူနေပိုမို ထူထပ်ပါကြောင်း၊  ယခုကာလသည် မေလဆန်း ပိုင်းသို့ရောက်ရှိနေပြီး အနောက် တောင်မုတ်သုန် လေစတင်ဝင်ရောက်လာပါက မိုးရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ ရာသီအလိုက် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ် တစ်စုံ တစ်ရာ ကျရောက်လာပါက အသင့်ဖြစ်စေရန် နိုးနိုးကြားကြားဖြင့် ကြိုတင်ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဘေးသတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီး ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြရန် တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် ရုံးများအား လမ်းညွှန်ထားရှိပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါက ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို ဘေးဖြစ်ပွားရာ ဒေသများသို့ အချိန်မီ ဖြန့်ခွဲထောက်ပံ့ နိုင်ရေးအတွက် လူ၊ စက်၊ ယာဉ်ယန္တရားများစုဖွဲ့နိုင်ရေး ကြိုတင်စီမံဆောင်ရွက် ထားရမည် ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး သိုလှောင်ရုံမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဗဟိုသိုလှောင်ရုံရှိ ဂိုဒေါင်များအတွင်း ကယ်ဆယ်ရေး ပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ သိုလှောင်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဗဟိုသိုလှောင်ရုံ (ရန်ကုန်) အပါအဝင် သိုလှောင်ရုံများတွင် Inventory Management စနစ်ကို Software အသုံးပြု၍ ဆောင်ရွက်နိုင်ပါက အချက်အလက်များ ပိုမိုမြန်ဆန် မှန်ကန်စွာသိရှိနိုင်ခြင်း၊ လူအင်အားနည်းနည်းဖြင့် ဆောင်ရွက်နိုင်ပြီး အချိန်ကုန် သက်သာခြင်း၊ ပစ္စည်းများလက်ခံ ဖြန့်ဖြူးရာတွင် ပိုမိုလွယ်ကူချောမွေ့ခြင်း၊ ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်သည့်အတွက် အဆိုပါစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment