Sunday, May 9, 2021

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ရခိုင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 နေပြည်တော် မေ ၉

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မေ (၈) ရက် နံနက်ပိုင်းတွင် အမ်းမြို့၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၆)ရုံး အစည်းအဝေးခန်းမဆောင်တွင် ရခိုင်ပြည်နယ် အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းလျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် လုပ်ငန်းများအရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရန်နှင့် အချိန်မီအောင်မြင် အောင် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း။

ဝန်ထမ်းများအနေဖြင့် ယခုအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များအား လိုက်နာရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း မိမိဌာန ညွှန်ကြားရေးမှူးများ မှတစ်ဆင့်တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏အခွင့်အရေးများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

ဦးစီးဌာနများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများလည်း ဆောင်ရွက်ထားရန်လိုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ထိန်းသိမ်းရေးအပိုင်းများကိုလည်း အဓိကထား ဆောင်ရွက်ရန်မှာကြားလိုပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အဓိက ကျပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ဝန်ထမ်းများ၏ အခွင့် အရေးများကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း များအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိကျရာတာဝန်များကို ကျေပွန်စွာဖြင့် စေတနာ ထားဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို Power Point ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ဖြည့်စွက်ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမ်းမြို့၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၆) ရုံး၊ အစည်းအဝေးခန်းမတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ကျော်ကျော် သန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးနှင့် အမ်းမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရန်လျာထားသည့် သယု(ပဲပဒုံ) တံတားသစ်တည်ဆောက်ရေး၊ လက်ရှိ ကြိုးတံတားမှ သက်မှတ်ချက်နှင့်အညီ ဆီသယ်ယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းခွင့်ပြုရေး၊ အမ်းမြို့တွင်းလမ်းဆုံနှင့် လမ်းညွှန်ကျောက်တိုင်ကို တင့်တယ်လှပစေရန် အဆင့်မြှင့် ဆောင်ရွက်ပေးရေးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးရမည့် လမ်းအခြေအနေကိုလည်းကောင်း၊ ကြိုးတံတားလုံခြုံရေး၊ အသစ်တည်ဆောက်မည့် တံတားအတွက် မြေနေရာကိစ္စရပ်များနှင့် အမ်းမြို့ဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမ်း-ပဒဲကြော-မအီလမ်း အခြေအနေကို လည်းကောင်း၊ မအီ-ကျောက်ဖြူလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့ကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကုတ်-မအီ-ကျောက်ဖြူလမ်း (တောင်ကုတ်-မအီအပိုင်း)တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို   လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၈) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးရဲမင်းမောင် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တောင်ကုတ်-မအီ လမ်းအပိုင်း 0km မှ 69.20km အတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်ထားရှိမှုတို့ကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ကွန်ကရစ်လမ်းများ ဆောင်ရွက်ရာတွင် အောက်ခံလမ်းသား အမာခံရရှိပြီးမှ ကွန်ကရစ်ခင်းရန်၊ ကားကြီးများ အန္တရယ်ကင်းစွာ အသုံးပြု နိုင်ရေး အမာခံလမ်းပုခုံးများတပါတည်း ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းပြီးစီးပါက လမ်းဘေးဝဲ/ယာတွင် သန့်ရှင်းသပ်ရပ်အောင် စနစ်တကျ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာ များတွင် လမ်းနယ်တိုင် စိုက်ခြင်းနှင့် လမ်းနယ်သစ်ပင်များ စိုက်ပျိုးရန်တို့ကို မှာကြားပြီး ကွန်ကရစ်ခင်းပြီးအပိုင်းအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကုတ်-မအီလမ်းအပိုင်း ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုလည်းကောင်း၊ တောင်ကုတ်-သံတွဲလမ်း ပြုပြင် ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)


 

No comments:

Post a Comment